Sunday, June 21, 2009

ခန္ဓာ နှင့် ကွန်ပျူတာ

ခန္ဓာ အကြောင်း ရှင်းထားတာ နားမလည်ပါ...။ ရေးပြထားသော အချက်ငါးချက်မှာ ခန္ဓာ ၏ Characteristics သဘောလက္ခဏာ များ ဖြစ်မည် ထင် သည်။

ခန္ဓာ ဆိုသည် ကျွန်ုပ်တို့ ၏ လက်ရှိကိုယ်အကောင်အထည် ကို ဆိုလိုခြင်းမဟုတ်ဆိုလိုချင်ပါသလား...။

သို့တည်းမဟုတ် ကိုယ်အကောင်အထည်ကို နှလုံးမသွင်းပဲ ထို Characteristics သဘောလက္ခဏာ များကိုသာ နှလုံးသွင်းသင့်သည် ဆိုပါသလား....။

သို့တည်းမဟုတ် ခန္ဓာ၏ အဓိပ္ပါယ်သည် ကိုယ်အကောင် အထည်ကို ဆိုလိုခြင်းကားမှန်၏ တရားအားထုတ်မှု လမ်းစဉ်၌ ဤ Characteristics သဘောလက္ခဏာ များကိုသာ အာရုံတွင် ထင်ဟပ်၍ကျင့်ကြံရမည် ဆိုလိုပါသလား......။

သို့မဟုတ် ထင်ရှားအောင် အခြားအဓိပ္ပါယ်ရှိလျှင် ရှင်းပြပေးပါ.......။ အင်း...။ ဘလော့တစ်ခုထည်းရေးနေရင်း ဖိုက်သလိုတော့ ဖြစ်မယ် မထင်ဘူး......။
June 21, 2009 9:53 AM
အထက်ပါ စကားစုသည် မဟာဆန် ဘလော့စာမျက်နှာဖက်က ခန္ဓာ ငါးပါးကို မြန်မာလို သဘောပေါက်သိမြင်နိုင်ကြပါစေ ပို့စ်တွင် မင်းညို ရေးထားခဲ့သော ကောမန့် ဖြစ်သည်။

ခန္ဓာ
ဟူသည်မှာ ပျက်စီးတတ်သော သဘောအစု ဖြစ်ပျက်မှုကို နာမည်ပေးထားခြင်းဖြစ်သည်။
မင်းညိုတွေးခဲ့သလို ကျွန်မလည်း အရင်က ခန္ဓာဆိုသည်ကို အဲလိုအတွေးမျိုးတွေနှင့် သို့လော သို့လော ဖြစ်ခဲ့၏။ ထိုသို့ဖြစ်ရခြင်းမှာ ခန္ဓာဟူသော မြန်မာစကားလုံးသည် ကိုယ်အကောင်အထည်ကြီးဟူ၍ မြန်မာတိုင်း သိထားကြသောကြောင့်ဖြစ်၏။

ခန္ဓာ ဟူသည် မြန်မာလို ဘာသာပြန်ရလျှင် အစုအပေါင်းဟု အဓိပ္ပာယ်ရပါသည်။ (မိုးကုတ်ယောဂီလက်စွဲ ၁ ၊ စာမျက်နှာ ၁၉) ။ အစုအပုံုံ an aggregate ခန္ဓ ဟုလည်း အဓိပ္ပာယ် ဖွင့်ဆိုထားသည်ကို တွေ့ရပါသည်။(မြန်မာ အင်္ဂလိပ် ပါဠိ အဘိဓာန်၊ စာမျက်နှာ ၉၀၅)
အဲဒီ အစုအပေါင်းကြီး ပြုလုပ်တတ်သော functions များကို ရေတွက်လိုက်လျှင် ၅ မျိုး ရှိ၏။ ထို ၅ မျိုးတို့ကိုမှ ခန္ဓာငါးပါးဟု ခေါ်ကြသည်။ မြန်မာစကားတွင် ခန္ဓာကို အစုအပေါင်းဟု မြန်မာလို မသုံးဘဲ ခန္ဓာဟုသာ ပါဠိသက်သက် ယူသုံးခဲ့သဖြင့် သူ၏ သဘောသဘာဝတို့ကို ကျွန်မတို့ မသိခဲ့ခြင်းဖြစ်သည်။ ဥပမာ….. ကားမောင်းသူကို ဒရိုင်ဘာဟု သုံးခြင်း၊ အရံလိုက်ပါကူညီသူကို စပယ်ယာဟု သုံးခြင်း၊ အငှားကားကို တက္ကစီဟု သုံးခြင်း တို့နှင့် ဆင်တူသည်။ ဒရိုင်ဘာဟု ပြောလိုက်လျှင် ကားမောင်းတဲ့လူလို့ ကျွန်မတို့ ချက်ချင်းသိသည်။ စဉ်းစားစရာမလို။ တိုက်ရိုက်တန်းသိသည်။ သို့သော် ခန္ဓာ ဆိုတာကိုကျ ကျွန်မတို့က အစွမ်းသတ္တိ ၅ မျိုးရှိသော အစုအပုံကြီးရယ်လို့ မသိခဲ့ကြပေ။ ထို့ကြောင့်လည်း ကျွန်မတို့ကို ဆရာသမားများက အသက်ထွက်အောင် ရှင်းပြနေရခြင်းတည်း။ တနည်း နားလည်အောင် ပြောရလျှင် ခန္ဓာဆိုတာ အမည်၊ သူလုပ်တတ်တာက ၅မျိုး ဟု ဆိုနိုင်သည်။ ဒရိုင်ဘာဆိုတာ အမည်ပေးထားတာ၊ သူလုပ်တာက ကားမောင်းတာ(ဥပမာ)

ကျွန်မ နားလည်ထားသလောက် ရေးကြည့်ပါမည်။ ထင်ရှားသော ဥပမာ တစ်ခု ပြရလျှင် ”ကွန်ပျူတာ”။ ကွန်ပျူတာသည် နာမည်တစ်ခုဖြစ်၏။ သူလုပ်တတ်သော function တွေ အများကြီးရှိသည်။ သူ့ကို အသုံးပြုပြီး အကျိုးရှိအောင် လုပ်နိုင်သည်များလည်း ရှိ၏။ ထိုကွန်ပျူတာအကြောင်းကို သိသူများရှိ၏။ တချို့ကျတော့ ကွန်ပျူတာ ဆိုတာ နာမည်သာ ကြားဖူးသည်။ ရှိသည် ဆိုတာကို သိသည်။ ကွန်ပျူတာ ဘာတွေ လုပ်တတ်သလဲ၊ သူ့ကို ဘယ်လို အသုံးပြုရသလဲ မသိတဲ့လူတွေ တပုံကြီး ရှိပါသည်။
ထိုဥပမာ အတိုင်းပင်တည်း။ ခန္ဓာဟူသည် နာမည်ဖြစ်၏။ ကျွန်မတို့ ကြားဖူးသည်။ သို့သော် သူ၏ လုပ်ငန်းများကို ကျွန်မတို့ မသိကြပေ။ ကွန်ပျူတာဆိုတာကို ကြားဖူးရုံ မြင်ဖူးရုံသာ ရှိသော သူများကဲ့သို့ပင် ဖြစ်သည်။
ထိုခန္ဓာ၏ သဘောသဘာဝတို့ကို ဘုရားရှင်က သိမြင်တော်မူ၏။ သိတဲ့အတိုင်း သင်ပေးခဲ့သည်။ “ခန္ဓာဆိုတာ ငါးမျိုးလုပ်တတ်တယ် ၊ ဖောက်ပြန်၊ ခံစား၊ မှတ်သား၊ ပြုပြင်၊ သိဝိညာဉ်၊ အဲဒီ ငါးမျိုးလုပ်တတ်တယ် ”ဟု ဆုံးမခဲ့ခြင်း ဖြစ်ပါသည်။
လိုရင်းအချက်မှာ ခန္ဓာ ဟူသည် နာမည်ပေးထားခြင်း ဖြစ်၍ ၄င်းသည် အလုပ် ၅ မျိုး လုပ်ဆောင်တတ်သည် ဟု သိရန်သာဖြစ်ပါသည်။ ခန္ဓာဟု ပြောလိုက်တာနှင့် သူ၏ အလုပ် ၅မျိုးကို auto သိနေပြီးသား ဖြစ်နေရမည်။ အဲဒီ ၅မျိုးကို နှလုံးသွင်းကို သွင်းရပါလိမ့်မည်။
ဂဏာန်းတစ်ကောင်ကို သတ်ချင်လျှင် သူ၏ အားသာချက်ကို သိဖို့လိုသည်။ သူ၏ လက်မများသည် အစွမ်းရှိသည်၊ နာကျင်အောင်လုပ်နိုင်သည် ဆိုသည့်အချက်ကို သိကိုသိနေရပေမည်။ သို့မှသာ သူ၏ လက်မများကို အရင်ဖမ်းချုပ်ပြီးလျှင် အလွယ်တကူ အသေသတ်နိုင်ပေမည်။ ထို့အတူပင် ခန္ဓာ၏ စွမ်းရည် ၅ မျိုးကို သိနေမှ အဲဒီစွမ်းရည်တွေကို နှိမ်နင်းပြီး ဘယ်လို ကြိုးကိုင်နိုင်မလဲဆိုတာ သိမည် မဟုတ်ပါလော။

ကျွန်မသည် သိလွန်း တတ်လွန်း၍ ဒီစာကိုရေးတာ မဟုတ်ပါ။ တကယ်တတ်သိသူများထံသို့ ကျွန်မ လေ့လာထားသမျှ မှားသလား မှန်သလား ဝေဖန်ပေးဖို့ ဒီစာကို တင်ပြခြင်းသက်သက်သာဖြစ်ပါသည်။ မိမိ စမ်းသပ်မှုတစ်ခုကို ဆရာအား မှန် မမှန် ဆုံးဖြတ်ပေးဖို့ တင်ပြခြင်းမျိုးသာ ဖြစ်ပါသည်။ အမှန်တကယ် သိသူများ ကျွန်မစာကို ဖတ်မိခဲ့လျှင် အမှား အမှန် ထောက်ပြဖို့ တောင်းဆိုပါသည်။

Read More...

ခန္ဓာငါးပါးကို မြန်မာလို သဘောပေါက် သိမြင်နိုင်ကြပါစေ

ကျွန်မသည် မိရိုးဖလာ ဗုဒ္ဓဘာသာဝင်သာ ဖြစ်ပါသည်။ သစ္စာ ဟူသော စကားလုံးကို ”ဟုတ်သားပဲ” ဟု နှစ်နှစ်ခြိုက်ခြိုက် နားလည်ခဲ့သည်မှာ ၂ နှစ်ခန့်သာ ရှိပါသေးသည်။ နားလည်သည် ဆိုရာတွင် မြန်မာလို သဘောပေါက် နားလည်ရုံအဆင့်သာ ဖြစ်ပါသည်။ ဟိုးအရင်တုန်းက ကျွန်မနာဖူးသော တရားပွဲတို့မှာ သစ္စာအကြောင်း ၀ိပဿနာအကြောင်း သိပ်မပါခဲ့ပါ။ ပါသည့်တိုင်အောင် ကျွန်မ မရိပ်စားမိတာလည်း ဖြစ်နိုင်ပါသည်။ ကျွန်မ ဖြစ်ချင်တာက ပါဠိမသုံး မြန်မာစကား သက်သက် သုံးပြီး မြန်မာလို သိချင်တာဖြစ်သည်။ ဘုန်းကြီးတွေ ဟောနေသည့် ရုပ် နာမ်၊ ဓါတ်၊ ခန္ဓာ ထိုစကားလုံးများမှာ ကျွန်မ ရင်းနှီးပါသည်။ ဘုန်းကြီး ရှေ့ကမေး၊ နောက်က လိုက်အော်ဖြေကြတဲ့ အထဲ အမှီလိုက်နိုင်ပါသည်။ သို့သော် ကျွန်မ ထိုစကားလုံးများ၏ အဓိပ္ပာယ်ကို မသိပါ။ အဲတော့ တရားဆိုတာ ရွတ်ရတာပဲလို့ လောက်သာ ထင်ခဲ့ပါသည်။ ဒီလမ်းနဲ့ သွားနေခဲ့တာ နှစ်ပေါင်း ၂၅နှစ်ကျော်ကြာပါသည်။

တကယ်တော့ ကျွန်မသည် အဲဒီလမ်းအကြောင်း မြန်မာလို တိတိကျကျ သိပ်သိချင်ခဲ့ပါသည်။ ကျွန်မသည် ဗုဒ္ဓဘာသာဝင်ဖြစ်ရက်နှင့် သံသရာ ထွက်ရာနည်းလမ်းတို့ကို ဘာကြောင့် မသိနိုင်ရတာလဲ။ ငယ်စဉ်တုန်းက ဘုန်းကြီးတွေ သင်ပေးကြပါသည်။ ကျွန်မကိုယ်တိုင်ကိုက သိပြီးသား၊ နားလည်ပြီးသား လူတွေနဲ့ တတန်းတည်း တက်ခဲ့လို့များလားတော့ မပြောတတ်ပါ။ ရုပ်နာမ်ဟဲ့၊ ၀င်သက်ထွက်သက် ရှုဟဲ့။ သူများအော်လို့သာ ရုပ်ပါ ဘုရား၊ နာမ်ပါ ဘုရား လိုက်အော်ခဲ့သည်။ ဘာကို ရုပ်ပြောတာလဲ နာမ်ပြောတာလဲ သေချာမသိ။ ကိုယ့်ဟာကိုယ် ဘာသာပြန်ပြီးတော့ပဲ ဒီခန္ဓာကြီးဟာ ရုပ်၊ စိတ်ဆိုတာ နာမ် အဲလို သတ်မှတ်ထားပါသည်။
ကဲ အဲလောက် သိရုံနှင့် ကျွန်မ ဘာသွားလုပ်တတ်မလဲရှင်။ ၀င်သက် ထွက်သက်ရှုတော့ရော ဘာဖြစ်မလဲ စိတ်တည်ငြိမ်မယ်။ ဒါပဲ အဲဒီမှာ လမ်းဆုံးနေပြီ။ ကျွန်မ သိသမျှ အဲဒီအဆင့်မှာပဲ လမ်းဆုံးနေသည်။ ဟုတ်ပြီ စိတ်တည်ငြိမ်တော့ သံသရာက လွတ်ရောလား။ ဘယ်လွတ်လိမ့်မလဲ။ တရားအားထုတ်တယ်ဆိုတာလဲ ၀င်သက် ထွက်သက်မှတ်တဲ့နည်းလောက်ပဲ သိသည်။ အဲလောက်နဲ့ သစ္စာမသိဘူး ဆိုတာလဲ သိနေပြန်သည်။
ကျွန်မ အဲဒီနည်းလမ်းကို မြန်မာလို သေသေချာချာကြီး သိပ်ကို သိချင်နေခဲ့ပါသည်။ မသိခင် ၂ နှစ်လောက် အလိုက ဘုရား ရှိခိုးတိုင်း ”သေချာ သင်ပေးမဲ့ ဆရာကောင်းတွေ့လို့ နည်းမှန် လမ်းမှန်နဲ့ တရား အားထုတ်နိုင်ပါစေ” လို့ ဆုတောင်းခဲ့ပါသည်။ ကျွန်မ ပတ်ဝန်းကျင်မှာ တကယ် မြန်မာလို နားလည်အောင် ပြောပြတဲ့သူ သို့မဟုတ် တကယ်သင်တဲ့ ဆရာဘယ်မှာ ရှိတယ်ဆိုတဲ့ သတင်းကို ပေးနိုင်သူ တစ်ယောက်မှ မရှိခဲ့ပါ။ ကိုယ်တိုင် ကြိုးကြိုးစားစား မရှာဖွေခဲ့တာလည်းပါပါသည်။
သစ္စာတရားဆိုတာကို နားလည်ဖို့ ကျွန်မသည် လူပိန်း အဆင့်ဖြစ်ပါသည်။ အဲဒီ လူပိန်းသည် သစ္စာတရားကို မြန်မာလို နားလည်မှ ကျင့်သုံး ပွားများတတ်မှာ ဖြစ်ပါသည်။ ကျွန်မတို့ သင်နေကြတဲ့ သိပ္ပံပညာတွေနှင့် ဥပမာပြုရလျှင် သီအိုရီတွေ နားမလည်ဘဲ နှုတ်တိုက် အလွတ်ကျက်နေသည်နှင့် အတူတူဖြစ်ပါသည်။ သီအိုရီ အလွတ်ရသည်။ သို့သော် နားမလည်။ မည်သို့ အသုံးချမည်နည်း။ ဘုရားစာတွေ ပါဠိတွေနှင့် ကျွန်မ ရွတ်နိုင်သားပဲ။ သို့သော် နားမလည်။ အသုံးမချတတ်။ အဲဒါကိုလည်း ကျွန်မ တိတ်တဆိတ် မကျေမလည် ဖြစ်နေပါသည်။ ငါ ဘာလို့ ဒီလမ်းနဲ့ ဒီလောက် ဝေးရသလဲ။

၂၀၀၇ ခုနှစ် သင်္ကြန်မှာ မန္တလေးမြို့ မိုးကုတ်ဝိပဿနာ မင်္ဂလာကျောင်းတိုက် (အမရပူရ မြို့ ဟုလည်း ပြောနိုင်ပါသည်) တွင် တရားစခန်း ၀င်ဖြစ်သွားပါသည်။ အဲဒီမှာ မိုးကုတ်တရားတော်များကို မြန်မာလို နှစ်နှစ်ခြိုက်ခြိုက်ကြီး နားလည်စပြုလာပါသည်။ မိုးကုတ်တရားများသည် မြန်မာ စကားသက်သက် ဟောပါသည်။ အလွန်နားလည်လွယ်ပါသည်။ တစ်ခွန်းပြောလိုက်တိုင်း ” ဟာ ဒီစကားလုံး ငါ ကြားဖူးတယ်။ အော် ဒါက မြန်မာလို ဒါကိုး” ဆိုတာ သိ သိ လိုက်လာပါသည်။ အလွန်ကျေးဇူးများသော အချိန်ဖြစ်ခဲ့ပါသည်။
အရင်တုန်းက နည်းလမ်း အဆင့်ကို သေချာ မသိ၊ ယောင်ဝါးဝါးနှင့် ”ထိုင် ထိုင် ” ဆိုတာနှင့် ပြီးခဲ့ရပါသည်။ လမ်းမသိဘဲနှင့် လုပ်နေတော့ ဘယ်မှာ စိတ်ဝင်စားပါ့မလဲ။ တိကျတဲ့ research direction မရှိဘဲနှင့် လုပ်လုပ် ဆိုပြီး နင်းကန် စာတွေဖတ်၊ ဟိုဟာလေး စမ်းလိုက်၊ ဒီဟာလေး စမ်းလိုက်နဲ့ လုပ်နေတဲ့ Ph.D ကျောင်းသား တစ်ယောက်လို ဖြစ်နေသည်။
အဲဒီ တရားစခန်းမှာဘဲ သံသရာ ထွက်ရာလမ်း၏ လမ်းပြမြေပုံကို ရခဲ့ပါသည်။ လမ်းပြမြေပုံ ဆိုသည်မှာ ဘယ်လိုလုပ်ရင် ရတယ်ဆိုတာကို မြန်မာလို နားလည်ခြင်းကို ဆိုလိုပါသည်။ ထို့နောက်ပိုင်းတွင်တော့ မိုးကုတ်ဆရာတော်ဘုရားကြီး၏ တရားတော်များကို တတ်နိုင်သလောက် အချိန်ယူပြီး နာယူခဲ့သည်မှာ ယနေ့ အထိဖြစ်ပါသည်။
ကျွန်မစိတ်ထဲတွင် ကျွန်မ မသိသည်များကို သိလာရချိန်တွင် သူများတွေကို သိပ်မျှဝေချင်ပါသည်။ ကျွန်မလို ဘာဆိုဘာမျှမသိသေးသည့်၊ သစ္စာနဲ့ ပတ်သက်ရင် လူပိန်းအဆင့်သာ ရှိသည့် သူများကို ကျွန်မလို အလှမ်းဝေးမနေအောင် ပြောပြပေးချင်ပါသည်။ ကျွန်မ တကယ်ကျင့်နေသလား ဆိုရင် တကယ် မကျင့်သေးပါ။ တရားနာရုံ အဆင့်သာ ရှိသေးသည်။
ယခု ကျွန်မရေးနေခြင်းသည် ကျွန်မ လို ဘာမျှမသိသေးသူများ မြန်မာလို နည်းလမ်းသိစေချင်သည့် စေတနာ နှင့်ရေးပါသည်။ ကျွန်မကိုယ်တိုင် သိလွန်း တတ်လွန်း၍ ရေးသည်မဟုတ်ပါ။ ကျွန်မမှ တကယ် အဲလောက်ထိ ထိထိရောက်ရောက် အားမထုတ်ထားဘဲ။ သို့သော် ကျွန်မ မြန်မာလို နားလည်စေတဲ့ တရားများ နာယူခဲ့သည်။ ဝေါဟာရ တော်တော်များများကို မြန်မာလို နားလည်ပါသည်။ အားထုတ်နည်းဆိုတာတော့ ဆရာတော်၏ တရားတော်ကို နာယူတာသာလျှင် အကောင်းဆုံး နည်းလမ်း ဖြစ်ပါလိမ့်မည်။ ဆရာတော် သင်ပြတာကို ကိုယ်တိုင် လက်ချာလိုက်မှသာလျှင် ကိုယ်တိုင် စိတ်ထဲမှ လက်ခံ သဘောပေါက်မှာ ဖြစ်ပါသည်။
ကျွန်မသည် တရားတွေနာ၊ နားလည်အောင် စဉ်းစားပြီး ကိုယ်နားလည် သလို ပြန်မှတ်ထားတတ်ပါသည်။ ကိုယ်လုပ်ရမဲ့ အလုပ်ကို Frame ချ ထားနိုင်အောင် လုပ်ခြင်းဖြစ်ပါသည်။ တစ်ခွေပြီး တစ်ခွေ တရားနာရင်းနဲ့ schedule ကို ကိုယ်တိုင်သိအောင် လုပ်ပါသည်။ ယခုပို့စ်သည် ကျွန်မ နားလည်သလောက်နဲ့ သွားနိုင်တဲ့လမ်းရဲ့ schedule အတိုဆုံး၊ အထိရောက်ဆုံးကို ရေးပြမည် ဖြစ်ပါသည်။

သံသရာ ထွက်ရာခရီးသွားရန် ခြေလှမ်းသုံးလှမ်း လိုပါသည်။ ၄င်းတို့မှာ
(၁) သိမှု
(၂) ပွားမှု
(၃) ပယ်မှု

ထို စကားသုံးလုံးသည် မြန်မာစကား သက်သက် ဖြစ်၍ အားလုံး နားလည်နိုင်ပါမည်။ အဲဒီ သုံးမျိုးကို သေချာသိမှတ် နားလည် ရပါမည်။
အရေးကြီးဆုံးကတော့ သိမှု ဖြစ်သည်။ အဲဒီ သိမှု ကို ကျွန်မ မသိခဲ့ သဖြင့် ၂၅နှစ်လုံးလုံး ဘုရားစာရွတ်၊ ၀င်လေ ထွက်လေ မှတ်နဲ့ ဘာသာရေးလုပ်ခဲ့ရသည်။
သိမှု ဆိုရာတွင် အဓိက သိစရာများမှာ
ခန္ဓာ ၊ အာယတန၊ ဓာတ်၊ သစ္စာ ၊ ပဋ္ဋိစ္စသမုပ္ပါဒ် တို့ကို မြန်မာလို နားလည် သိမှတ်ဖို့ ဖြစ်ပါသည်။
ခန္ဓာငါးပါး လူတိုင်းကြားဖူးပါသည်။ ကျွန်မလည်း ကြားဖူးပါသည်။ ကျွန်မသည် တစ်ခုတည်းရှိတဲ့ ခန္ဓာကိုယ်ကို ဘာလို့ ဒီ language မှာ ငါးခု…ငါးခုနဲ့ ပြောနေကြတာလဲဟု နားမလည်နိုင်ဖြစ်ခဲ့ပါသည်။ ယခု မြန်မာလို သိပါပြီ။
ခန္ဓာဆိုတာ ကျွန်မတို့ သိထားတဲ့ လူကောင်ကြီး တစ်ခုကို ဆိုလိုချင်တာ မဟုတ်ပါ။ အစုအပုံ လို့သာ ဆိုလိုပါသည်။ ခန္ဓာငါးပါးတို့မှာ
(၁) ရူပက္ခန္ဓာ ………………ဖောက်ပြန် ပျက်စီးတတ်သော သဘောအစု ဖြစ်ပျက်မှု
(၂) ဝေဒနာက္ခန္ဓာ………….ခံစားတတ်သော သဘောအစု ဖြစ်ပျက်မှု
(၃) သညာက္ခန္ဓာ ………….မှတ်သားတတ်သော သဘောအစု ဖြစ်ပျက်မှု
(၄) သင်္ခါရက္ခန္ဓာ……………ပြုပြင်စီရင်တတ်သော သဘောအစု ဖြစ်ပျက်မှု
(၅) ၀ိညာဏက္ခန္ဓာ……… သိကြံ တတ်သော သဘောအစု ဖြစ်ပျက်မှု

ဤနေရာတွင် သေချာ ကြည့်ရန်မှာ ”……..သော” တို့သည် မြန်မာပြန်ဖြစ်သဖြင့် သေချာမှတ်ကြပါလိမ့်မည်။ သတိထားရန်မှာ နောက်က ” သဘောအစု ဖြစ်ပျက်မှု” ဟူသော စကားတည်း။ (ခန္ဓာသည် အကောင်ကြီးမဟုတ် ”သဘော အစုကြီး” ဖြစ်သည်။ ခန္ဓာသည် ”ဖြစ် ပျက်မှု” များ တရစပ် ဖြစ်နေသည်။ ) ဟူသော concept ကို ခန္ဓာငါးပါးကို ရွတ်တိုင်း အမြဲ ခေါင်းထဲရောက်ဖို့ လိုပါသည်။
အလွယ်မှတ်ရန် လင်္ကာမှာ
”ဖောက်ပြန်၊ ခံစား၊ မှတ်သား၊ ပြုပြင်၊ သိဝိညာဉ်၊ ငါးအင် ခန္ဓာမှတ်”
ကျွန်မကိုယ်တိုင် အဲဒီလင်္ကာ အလွတ်ရပြီး အဲဒီ စကားလုံး ငါးလုံးကိုသာ မှတ်ထားပါသည်။ ကိုယ်တကယ် အသုံးချမှာက ဒါပဲကိုး။ အမှန်ကတော့ ဤခန္ဓာငါးပါးကို ပါဠိလိုရော မြန်မာလိုပါ အလွတ်ရအောင် ဦးစွာ လုပ်သင့်သည်။ ပါဠိလို ဘယ်မှာ အသုံးပြုရမလဲဆိုတော့ တရားနာတဲ့အခါ၊ ဆရာ သင်ပေးတဲ့အခါ၊ တရား ဆွေးနွေးတဲ့ အခါ လိုအပ်ပါသည်။ ထို ပါဠိစကားလုံးများသည် ဒီပညာရပ်သင်ယူဖို့ အတွက်က လိုအပ်သော ဝေါဟာရများ ဖြစ်နေသောကြောင့် သိဖို့ လိုအပ်ပါသည်။
ခါတိုင်းလို ဘုန်းကြီးရှေ့က မေး ၊ နောက်က ”ခန္ဓာ ငါးပါးပါ ဘုရား။ ရူပက္ခန္ဓာ………..” စသည်ဖြင့် ကြက်တူရွေးနှုတ်တိုက် မဖြစ်တော့ပါ။ မြန်မာလို နားလည်ပြီး ဖြစ်ရပါမည်။
ထို ခန္ဓာငါးပါးကိုပဲ ညအိပ်ရာဝင်လျှင် မြန်မာလို တိတိကျကျကြီး နှုတ်က အသံထွက် ဆိုပြီး နှလုံးသွင်းအိပ်ပါ။ စိတ်အေးအေးချမ်းချမ်း အိပ်ပျော်သွားပါမည်။ မနက် အိပ်ရာနိုးနိုးချင်း မြန်မာလို တိတိကျကျကြီး အသံထွက်ဆိုပြီး နှလုံးသွင်းကြည့်ပါ။ ရုံးသွား ကျောင်းသွားဖို့အတွက် စိတ်တက်ကြွ လန်းဆန်းနေပါလိမ့်မည်။ မယုံမရှိပါနဲ့။ တကယ် စိတ်နှစ်ပြီး လုပ်ကြည့်ပါလို့ တိုက်တွန်းလိုက်ပါသည်။
အရေးကြီး၍ ထပ်ပြောလိုပါသည်။ ဒီပို့စ်ကို ရေးသည်မှာ ကျွန်မ တတ်လွန်း သိလွန်း၍ မဟုတ်ပါ။ နားလည်သလောက် ပြောကြည့်ခြင်းသာဖြစ်ပါသည်။ တနည်းအားဖြင့်လည်း ဒီလိုနားလည်ထားတာ မှားတယ်ဆိုရင်လည်း သိတဲ့သူက ပြင်ပေးသွားရင် ကျွန်မ အသိမှန် ရလို၍လည်း ဖြစ်ပါသည်။ ကိုယ်လုပ်ထားတဲ့ စမ်းသပ်မှုတစ်ခုကို တတ်သိတဲ့လူကို သွားမပြဘဲ သိမ်းထားလျှင် ရှေ့ဆက်တက်မှာ မဟုတ်တော့ပါ။ ထိုကဲ့သို့ပင် ကျွန်မ နားလည်သလောက် ရေးခြင်းဖြစ်ရာ တကယ်တတ်သိသူ တစ်ဦးကများ တွေ့မိသော် အမှား အမှန် ထောက်ပြပေးခဲ့စေလိုပါသည်။

Read More...

Thursday, June 18, 2009

ကျွန်တော်နှင့် ကာယာနုပဿ တိ

တောင်စဉ် မရေမရာတွေ ရေးလေ့ ရှိတဲ့ ကျွန်တော် ဒီဆိုဒ်မှာ Contributor အဖြစ်ပါနေပေမယ့် အဆင်အပြင် လေး နည်းနည်းပါးပါး မွန်းမံယုံက လွဲပြီး တရားလို လေးနက်တဲ့ အကြောင်းအရာတွေ ရေးဖို့ မရည်ရွယ်ပါဘူး။ ဘ၀မှာ မိရိုးဖလာကိုးကွယ်ရာကနေ သရဏဂုံ ၃ပါးကို လိုက်ရွတ်ဆိုရင်း ဗုဒ္ဓဘာသာဝင် ဖြစ်လာတယ်ဆိုရင် မမှားပါဘူး။ ခုချိန်ထိလည်း တတိယ တန်းစားဗုဒ္ဓဘာသာဝင် အဖြစ်ကနေ ရုန်းမထွက်နိုင်သေးပါဘူး။ ငယ်ငယ်က ဥပုသ် မကြာမကြာ စောင့်ဖူးပါတယ်။ တနေကုန် ဥပုသ် ရတဲ့ အခါလည်းရပါတယ်။

ပြန်စဉ်းစားလိုက်တော့ မိဘ ဘိုးဘွားတွေက လိမ္မာတဲ့ ကလေးလို့ မကြာမကြာပြောဖူးတော့ ပိုပြီး အပြောခံရအောင် လုပ်ပြတဲ့ စိတ်ထား က ဥပုသ်စောင့်ရင် ကုသိုလ်ရတယ်ဆိုတဲ့ စိတ်ထားထက် ပိုခဲ့ပါတယ်။ ဓမ္မဗျူဟာ မြတ်ဆုမွန် မြတ်မင်္ဂလာ စတဲ့ ဘာသာရေး စာပေ တွေကို ဖတ်စရာ တစ်ခုအနေနဲ့ ဖတ်ရင်း ပုံပြင်တွေ ဇာတ်နိပါတ် တစ်ချို့ ကို သိလာပါတယ် နုမှာ ငါးရာ ရင့်မှာ တစ်ကျိပ် စသည်ဖြင့်ပေါ့။ နောက်ပိုင်း ဗေဒင် ယတြာ မုတ်ထုတ်ဆရာတော်ရဲ့ အင်္ဂ၀ိဇ္ဇာ ဓါတ်ရိုက် ဓါတ်ဆင် ပုဂ္ဂလပညတ် အခြေခံ ဓါတ်ကျမ်း (ဓါတ်ရိုက် ဓါတ်ဆင် ပါပဲ)၊ ရွှေရင်ကျော် ဂိုဏ်းက ထုတ်တဲ့ စာအုပ် (ဂိုဏ်းဝါစဉ်ကြီးပုဂ္ဂိုလ်ထဲမှာ ဆရာတော်တစ်ပါးပါပါတယ် နံမည် မမှတ်မိတော့) စတဲ့ စာအုပ်တွေဖတ်ရင်း လောကီပညာ တွေ စိတ်ဝင်စားလာပြီး တန်ခိုး သိဒ္ဓိတို့ ဘာတို့ မျှော်လင့် ခဲ့တယ်။ ထူးဆန်းတဲ့ ရသေ့ ယောဂီ တပသီ
တို့ရဲ့ အကျင့်တွေဆို ၀တ္တုတွေထဲ ပါရင်တောင် စမ်းပြီး လုပ်ကြည့်ရတာ အမောပဲ။ ဥပမာ အသက်ကို အောင့်နိုင်သမျှ အောင့် ပြီး ကျင့်ရင် နောက်ပိုင်း အသက်မရှူပဲ နေသွားနိုင်မယ် ဘာညာ ဆိုတာမျိုးပေါ့။ အဲ ဘိုးဘိုးအောင် ရသွားတယ်ဆိုတဲ့ အင်းပညာ ပုရပိုက်လည်း လိုချင်ခဲ့ပြန်သေးသဗျ။ ရွှေရင်ကျော် ဂိုဏ်းမှာ အဆင့် ၉ ဆင့် ရှိသဗျ။ ၉ ဆင့်ပြီးတက်ပြီးရင် ဂိုဏ်းဆရာ ဖြစ်ပြီ။ ပညာ ဆက်ဖြန့်ဝေလို့ရပြီပေါ့ဗျာ။ ထားပါတော့ ကျွန်တော် ချာတိတ်က သိဒ္ဓိရှင် မဟိဒ္ဓိရှင် ဖြစ်ချင်နေခဲ့တာဗျ။ ၁၉၈၉ ကနေ ၂၀၀၀ လောက်ထိ အမဲသား မစားခဲ့ဘူးဗျ။ အစပိုင်းတော့ ဂိုဏ်းဝင်မို့ မစားတာပါ နောက်ပိုင်းကတော့ မစားတာကြာပြီး မစားနိုင်တော့လို့ မစားတာပါ။ ဂိုဏ်းတွင်းစာအုပ်တွေ ကို ချာတိတ်က လိုက်ဖတ်တာ အင်းဘယ်လို စမ ဘယ်လို ချရတယ်ဆိုတာက အစပေါ့ဗျာ။

၁၀ တန်းအောင်ပြီး နောက်ပိုင်း ဘာသာရေး လုပ်တာ အားနည်းလာသလို အဲဒီ သိဒ္ဓိ မဟိဒ္ဓိတွေ ဘိုးတော်တွေကို စိတ်ဝင်စားတာ ပိုပို နည်းလာတယ်။ ပြောရရင် သောက်တယ် စားတယ် ပေါ့ဗျာ။ ငယ်ငယ်ကလို စိတ်ကူး မယဉ်တော့သလို အဓိပ္ပါယ် မရှိတာတွေလုပ်ဖို့ စိတ်မပါဘူး လို့ ခံစားမိလာတယ်။ ဗေဒင်ဘာညာ ဆိုလည်း အားကိုးလိုတဲ့ စိတ် မရှိတော့ဘူး။ ယုတ်စွ အဆုံး ဆရာ စံဇာဏီဘို စာထုတ်တဲ့ ကိုယ်နဲ့ နေ့နံကိုက်တဲ့ စာအုပ်ကို တွေ့ ရင်တောင် အစပိုင်းလောက် ကို ၀တ္တုလို သဘောမျိုး ဖတ်ကြည့်ဖူးတယ်။ ယုံကြည် ကိုးစားချင်စိတ် မရှိတော့တာ။ ဗေဒင် ဆရာများကို စော်ကားခြင်းမဟုတ်ပါ။ ဗုဒ္ဓစင်စစ် ဧကန်ဖြစ်မည် ဟောသည်မှာ ဗေဒင်ပင်ဖြစ်သည် လို့ စာတွေထဲဖတ်ဖူးသည်။ ထားပါတော့။ ပြောချင်သည်မှာ ဗုဒ္ဓဘာသာတွင် ကျွန်တော့် အခြေခံ မည်မျှရှိကြောင်း ပြောလိုရင်းပင်။

တနည်းအားဖြင့် ဒါသည်ပင် ကျွန်တော့်ပတ်ဝန်းကျင်ပါ။ ဘာသာတရားကိုင်းရှိုင်းသော ရွာကလေးတွင် ကျွန်တော့်ကို မွေးသည်။ အဖေ ကျောင်းဆရာမို့ အယူသည်းလွန်းသော ယုံကြည်ကိုးစားမှုမျိုး မရှိပါ။ သို့သော် ကျွန်တော် မိဘနှင့် နေခြင်းမဟုတ်ပါ။ အဖိုးအဖွားနှင့် ပေါင်းသုံးယောက်နေသည်။ အဖွား ဥပုသ်စောင့်တိုင်း ကျွန်တော်ပါစမြဲ။ အဘွားတရားနာတိုင်း ကျွန်တော်ဘေးက ရှိစမြဲ။ ကျွန်တော် တရားကို နားလည်အောင် နားစိုက်ထောင်ဖူးသည်။ ၈တန်း ၉ တန်း နှစ်အထိ ဆိုပါတော့။ ဒါန သီလသည် ဘယ်သို့ဘယ်ပုံ အကျိုးပေးကြောင်း အရဟတ္တဖိုလ် ဆိုက်ရောက်ရန် ပါရမီ ဖြည့်ပုံ နှင့် တူကြောင်း ဖြည့်တင်းသော ပါရမီ ပြည့်သော တနေ့ (၎င်းတစ်နေ့ သည် ဘ၀ အချို့ ဖြတ်သန်းပြီး မှ နောက်ဆုံးဘ၀) နိဗ္ဗာန် ရောက်နိုင်သည်ဟုသာ ကျွန်တော် နားလည် လိုက်သည်။ ဒါသည် ဆရာတော်တွေ ဟောလိုရင်း ဟုတ်ချင်မှ ဟုတ်မည် ကျွန်တော်နားလည် တာသာဖြစ်သည်။ ကျွန်တော်ထင်တာတော့ ကျွန်တော့ပတ်ဝန်းကျင်သည်လည်း ဒီလိုပင် နားလည်ကြသည်ထင်ခဲ့သည်။ ရွာဦးကျောင်းဆရာတော်သည် ပိဋက သုံးပုံဆောင် မင်းကွန်းဆရာတော် ဦးဝိစိတ္တသာရဘိဝံသ ၏ လက်ရင်းတပည့်ဖြစ်သည်။ ပထ၀ီ တေဇော ၀ါယော လောက်သာမှတ်မိသည် ကျွန်တော့ဥာဏ်ဖြင့် လိုက်မမှီခဲ့။ ဒီလိုနဲ့ ကျောင်းစာတွေနဲ့ နပန်းလုံးရင်း ဘုရားရှိခိုးတတ်ယုံကလွဲ၍ ကျွန်တော် တကယ့် အနှစ်သာရကိုမသိ ဂါထာတွေကတော့ တော်တော်ရသည် သံဗုဒ္ဓေ ဂါထာဆို ကျွန်တော် ညစဉ် ရှိခိုးရွတ်ဆိုသော ဂါထာဖြစ်သည်။ အနက်မသိလျှင် အကျိုးမရှိဆိုသောကြောင့် အနက်ကိုပါ သိအောင်လိုက်ရှာ နားလည်ခဲ့ဖူးသည်။ သို့သော် မိမိကိုယ်ကို ဗုဒ္ဓဘာသာ အစစ်အဖြစ် လက်မခံနိုင်သေးပါ။ တတိယ သာမာန်သိသာ သိသော ဗုဒ္ဓဘာသာဝင် အဖြစ်သာ လက်ခံနိုင်သေးသည်။ ဘ၀တိုးတက်ရေးအတွက် ကျောင်းစာများ ကိုကြိုးစားရင်း ဘုရားရှိခိုးခြင်း ရံဖန်ရံခါ အာနာပါန ရှူ့ ခြင်းတို့ကိုသာ လုပ်ဆောင်ဖူးသည်။

ကျွန်တော့် စာတွေ့အားဖြင့် လေ့လာမှုသည် ၀ိပဿနာထိ မရောက်ခဲ့ပါ။ သမထ လေ့ကျင့်မှု တို့ကို စာတွေ့အားဖြင့် လေ့လာနေဆဲ အချိန်မှာပင် ကျွန်တော်အရွယ်ရောက်ခဲ့ပြီး တခြားစိတ်ဝင်စားစရာများ ဘက်သို့ ဦးတည်သွားခဲ့သောကြောင့် ၀ိပဿနာဟူသည် နာမည်ကြားဖူးယုံသာ ရှိသည် ပြောရမည် ဖြစ်သည် ခုချိန်ထိလည်း ကျွန်တော် ၀ိပဿနာ အကြောင်း မသိသေးပါ။ ရံဖန်ရံခါ လေ့လာဦးမှပဲ ဟူသောအတွေးဝင်သည်မှလွဲ၍ သေသေချာချာ မလေ့လာဖူးသေးပါ။ ငယ်စဉ် မူလတန်း အလယ်တန်း အထက်တန်း တက္ကသိုလ် ပညာရေးတို့အတွင်း ကျွန်တော် လွယ်လွယ် ကျော်ဖြတ်ခဲ့နိုင်ခြင်းမှာ ဘာသာရေးဘက်ကို သေချာမသိသော်ငြား စိတ်ဝင်စားခဲ့မိသောကြောင့်ထင်သည်။ မျက်ကန်း တောတိုးပြောခြင်းမဟုတ်ပါ။ ယုံကြည်မှုသည် လူကို တွန်းအားဖြစ်စေ သလို ဆုံးဖြတ်ရာတွင်လည်း မှန်ကန်စွာ ဆုံးဖြတ်နိုင်လေသည်။ မည်သည့်ဘာသာဝင်ဖြစ်ပါစေ စိတ်သည် မှားယွင်းသော အယူဘာသာကို လက်ခံမိသော်ငြား ယုံကြည်မှု ခွန်အားကို ဖြစ်စေနိုင်သည်က တော့သေချာသည်။ ဗုဒ္ဓဘာသာဝင်မှ၊ ခရစ်ယာန်ဘာသာဝင်မှ၊ အစ္စလာမ် ဘာသာဝင်မှ မဟုတ်ဘယ်နတ်ဘုရားကို ကိုးကွယ်ကိုးကွယ် ယုံကြည်မှု သဒ္ဓါသည် ခွန်အားကို ဖြစ်စေသည်။ ဒါသည်လောကီအောင်မြင်ရေးအတွက် တကယ်လိုအပ်သော အရာပင်ဖြစ်သည်။

ဒီလိုနှင့် တက္ကသိုလ်ကျောင်းသားဘ၀ အသောက်အစားအပျော်အပါးများနှင့် အချိန်ကုန်ခဲ့သလို အတွေ့အကြုံ ထပ်မံဖတ်ခဲ့မိသော စာပေများမှ အသိ စသည်တို့က မျက်ကန်း ကိုးကွယ်ယုံကြည်မှု ကို တဖြည်းဖြည်း ခ၀ါ ချလာခဲ့သည်။ ကျွန်တော် ဖန်ဆင်းရှင်ကို မယုံတာတော့ သေချာပါသည်။ ဗုဒ္ဓစာပေတို့ကို အဖတ်များခဲ့၍ ကောင်းကွက်တို့ကိုသာ ရွေးမြင်သဖြင့် လော၊ အကျင့်အကြံပိုင်းကို နှစ်သက်၍ လောတော့မသိ ဗုဒ္ဓ၀ါဒသည် သာ ကျွန်တော့်စိတ်၌ မျက်ကန်းယုံကြည်မှုမဟုတ်ပဲ မသိမသာ ကိန်းအောင်းလာခဲ့သည်။ ဒီနောက်ပိုင်း အရွယ်ရောက်သော တိုးတက်ကြီးပွားလိုသူတို့ တွေ့ကြုံရသည့် စိန်ခေါ်မှုများက ကျွန်တော့်ကို စိတ်ဖိစီးမှုများ ခံစားလာစေခဲ့သည်။ ငယ်စဉ်ကလို ဂါထာရွတ်၍၎င်း ဘုရားရှိခိုး၍ ၎င်း အခက်အခဲများ ကို ဖြတ်ကျော်နိုင်လိမ့်မည်ဟု အရင်လောက် ကျွန်တော် ယုံကြည်မရတော့ခြင်းပင်။ ဗုဒ္ဓကို တန်ခိုးထက်သော ဘုန်းပါဝါကြီးသော နတ်ဒေ၀ါတကာ တို့ထက် လွန်ကဲသော ပါဝါရှိသူဟု ကိုးကွယ် ယုံကြည်ခြင်းထက် လူသားဂုရု တစ်ယောက်လိုမြင်လာခဲ့သည်။ အသက်ကြီးလာချိန်တွင် ငယ်စဉ်ကထက် ကျွန်တော်ပို၍ စိတ်ရှုပ်ထွေးလာနေသည်။ ပညာရေး အိမ်ထောင်ရေး အနာဂတ်ရေး အားလုံးတို့သည် ကျွန်တော့် ခေါင်းပေါ်သို့ ကျွန်တော်မတင်ပဲ ရောက်လာခဲ့သည်။ ဘုရားရှိခိုးခြင်း ပုတီးစိတ်ခြင်း ဂါထာရွတ်ခြင်းတို့သည် တဒင်္ဂ စိတ်ဖြေမှုကိုသာ ရပြီး ကျွန်တော်စိတ်ကို မပြေပျောက်နိုင်ခဲ့ပါ။ ကျွန်တော် နေ၀င်ချိန် ရောက်နေပြီလား။

ငယ်စဉ်က စိတ်ချမ်းချမ်းသာသာ နဲ့ ဖြတ်ကျော်နိုင်ခဲ့တာ ဘာတွေကြောင့်လဲ။

အဓိကကတော့ စိတ်ပင်ဖြစ်သည်။ ခုချိန်မှာ ငယ်စဉ်လို မျက်စိမှိတ်ပြီး ယုံကြည်လို့လည်း မရတော့ပါ။ ကိုယ်နဲ့ အနီးကပ်ဆုံးသည် ခရစ်တော်လည်းမဟုတ် တမန်တော်မိုဟာမက်လည်း မဟုတ်၊ ငယ်စဉ်ကတည်းက ရင်းနှီးကျွမ်းဝင်ခဲ့သော ရှင်တော် ဗုဒ္ဓသာ ဖြစ်သည်။ ကျွန်တော် ဗုဒ္ဓ၏ ဆုံးမမှုများနှင့် ကြီးပြင်းခဲ့သည်ပဲ။ ငယ်ငယ်က အဖေ ကို အားကိုးချစ် ချစ်လို့ရသော်လည်း အရွယ်ရောက်လာတော့ ချစ်ခင်မှု တမျိုးဖြစ်သွားသည်ကို ကြုံဖူးပါသလား။ ငယ်ငယ်က အဖေသည်သာ အကာအကွယ်ပေးနိုင်သော တန်ခိုးရှိလူသားတစ်ဦး ဖြစ်သည်။ ကြီးလာတော့ သံယောဇဉ်နှောင်ဖွဲ့သော ချစ်ခြင်းသာ ဖြစ်တော့သည်။ ခုလည်း ဒီလိုခံစားမှုမျိုးနဲ့ နည်းနည်းဆင်သည်။ သူပြောသမျှ ကို ယုံကြည်စရာလေးနဲ့မှ ယုံချင်လာသည်။ ကျွန်တော်ဖတ်ဖူးသမျှ ကျွန်တော် တချို့လုပ်ပြီးပြီ။ စိတ်ဖိစီးမှုသည် မပြေ။ အဘယ်ကြောင့်ဆိုသော် ယုံကြည်မှု လျှော့နည်းလာတာလည်း ပါမည်။

ဒီလိုနှင့် ၈ မိုင် မဟာစည်သို့ သွားစုံစမ်းသည်။ အိမ်မှ သင်္ကန်းစည်းဖို့ ပေးလိုက်သော ငွေ ၉ သောင်းကို ပိုက်လို့ပေါ့။ ၂၀၀ရ ခုနှစ် နှစ်စပိုင်း ဖြစ်သည်။ ရွာမှာ ရှာသော ငွေမို့ နည်းသည် မဆိုနိုင် များသည်ပင် ဆိုနိုင်သည်။ အရင်ရက်က သုံးဖြုန်းထားသော အကြွေး လေးသောင်းလောက် ဆပ်လိုက်တော့ ၅ သောင်းလောက်သာ ကျန်တော့သည်။ ဒီလို့နှင့် ၈ မိုင် မဟာစည် ၀င်ဖို့ ကြိုးစားသည်။ တကယ့်လက်တွေ့ ၀ိပဿနာကို စည်းပူးလို့ အားထုတ်မည်ပေါ့။ သီလရှင်ဆရာကြီးကပြောသည် ၁၀ ရက်စခန်း အတွက် သင်္ကန်းဖိုး ဆွမ်းဖိုး အပါအ၀င် ၄ သောင်းခန့် ကုန်ကျနိုင်သည်။ ဟင်...ကျွန်တော်မှာ ၄ သောင်းလောက်ပဲ ရှိသည် လူထွက်လျှင် သုံးစရာမရှိဖြစ်မည်မို့ ဒိထက် ဈေးသက်သာတာ ရှာမှ ဖြစ်မည်။ ချမ်းမြေ့ ရိပ်သာကျောင်းသို့သွားသည် အကန့်အသတ် ဖြင့်သာ လက်ခံသမို့ ကိုယ့်ထက် ဦးသူများ ရှိနေပေပြီ။ နောက်ဆုံး သူငယ်ချင်း ဆက်ပေးသော သာကေတ မူလမင်းကွန်းကျောင်း သို့ ရောက်တော့သည်။ ထိုအချိန် ကျွန်တော် အသုံးကြီးပုံက လက်ထဲ ၅ ထောင်ပင် မကျန်တော့။ သူငယ်ချင်း ကောင်မလေး သုံးယောက် ပေါင်း ဒကာမ ခံ၍ သင်္ကန်းဖိုး စိုက် ဘာစိုက် ညာစိုက် ၂ သောင်းလောက် ကုန်ကြသည်ထင်သည်။ နောက်ဆုံး ကျွန်တော် ဦးပဉ္ဖင်း ဖြစ်သွားသည်။ ကျွန်တော့်ဘ၀ တွင် တရားအားထုတ်မှုနှင့် ပတ်သက်၍ အပြင်းထန်ဆုံးလုပ်ခဲ့ဖူးသော အချိန်၊ ၀ိပဿနာ ဟုထင်သော အရာကို စတင် မိတ်ဆက်သော အချိန်ကာလပင် ဖြစ်လေသည် ထိုအချိန်သည် ၂၀၀၇ နှစ်စပိုင်း အချိန်။


Type the rest of your post here.

Read More...

Thursday, May 21, 2009

ပုဗ္ဗဏှသုတ် ပါဋ္ဌိ နှင့် မြန်မာပြန်

၁၁။ ပုဗ္ဗဏှသုတ် မြန်မာပြန်

၁။ မကောင်းသော အတိတ်နမိတ်၊ မကောင်းသော အမင်္ဂလာ၊ မကောင်းဆိုးဝါးသောငှက် တို.၏ မနှစ်လိုဖွယ်သော မြည်သံ၊ တွန်သံ၊ မကောင်းသော ဂြိုလ်စီး ဂြိုလ်နင်း ၊ မကောင်းသော အိမ်မက်တို့သည် ရှိကုန်၏။ ထို မကောင်းသော အတိတ်နမိတ် အစရှိသည်တို့သည် မြတ်စွာဘုရားတို့၏ တန်ခိုးတေဇော် အာနုဘော်ကြောင့် ကင်းစင်လွင့်ပျောက်ကြစေကုန်သတည်း။



၂။ မကောင်းသော အတိတ်နမိတ်၊ မကောင်းသော အမင်္ဂလာ၊ မကောင်းဆိုးဝါးသောငှက် တို.၏ မနှစ်လိုဖွယ်သော မြည်သံ၊ တွန်သံ၊ မကောင်းသော ဂြိုလ်စီး ဂြိုလ်နင်း ၊ မကောင်းသော အိမ်မက်တို့သည် ရှိကုန်၏။ ထို မကောင်းသော အတိတ်နမိတ် အစရှိသည်တို့သည် တရားတော်မြတ် တို့၏ တန်ခိုးတေဇော် အာနုဘော်ကြောင့် ကင်းစင်လွင့်ပျောက်ကြစေကုန်သတည်း။

၃။ မကောင်းသော အတိတ်နမိတ်၊ မကောင်းသော အမင်္ဂလာ၊ မကောင်းဆိုးဝါးသောငှက် တို.၏ မနှစ်လိုဖွယ်သော မြည်သံ၊ တွန်သံ၊ မကောင်းသော ဂြိုလ်စီး ဂြိုလ်နင်း ၊ မကောင်းသော အိမ်မက်တို့သည် ရှိကုန်၏။ ထို မကောင်းသော အတိတ်နမိတ် အစရှိသည်တို့သည် သံဃာတော်မြတ်တို.၏ တန်ခိုးတေဇော် အာနုဘော်ကြောင့် ကင်းစင်လွင့်ပျောက်ကြစေကုန်သတည်း။

၎။ ဆင်းရဲဒုက္ခ ရောက်နေကြကုန်သော သတ္တ၀ါအားလုံးတို.သည် ဆင်းရဲဒုက္ခ ကင်းဝေး ကြပါစေကုန်သတည်း။ ဘေးနှင့် ရင်ဆိုင်တွေ.ကြုံနေကြရကုန်သော သတ္တ၀ါအားလုံးတို့သည် ဘေးဘယာ ဝေးကွာကြပါစေကုန်သတည်း။ စိုးရိမ်ကြောင့်ကြ ဗျပါဒသို့ ရောက်နေကြရကုန်သော သတ္တ၀ါ အားလုံးတို့သည် စိုးရိမ်လွတ်ကင်း ကြောင့်ကြခြင်း မရှိကြပါစေကုန်သတည်း။

၅။ ဤမျှ အတိုင်းအရှည် ရှိသော ပရိတ်တရားတော် တို့ကို ရွတ်ဖတ် ပူဇော်ခြင်းဖြင့် အကျွန်ုပ်တို့ ကောင်းစွာ ဆည်းပူး ပြုလုပ်အပ်သော ကုသိုလ် ကောင်းမှုတို့၏ ပြည့်စုံခြင်းကို အလုံးစုံသော နတ်များတို့သည် လောကီ၊ လောကုတ္တရာ စည်းစိမ် ချမ်းသာတို့နှင့် ပြည့်စုံစေခြင်း အကျိုးငှာ ၀မ်းမြောက်နုမော် သာဓုခေါ်တော် မူကြပါကုန်လော့။

၆။ ပေးကမ်း စွန့်ကြဲ နည်းများမဟူ အလှူဒါနကို ကံ၊ ကံ၏ အကျိုးအား ယုံကြည်သော သဒ္ဓါတရားဖြင့် ပေးကမ်းလှူဒါန်းတော်မူကြပါကုန်လော့။ နေ့ရော ညပါ အခါခပ်သိမ်း ငါးပါး၊ ရှစ်ပါး၊ ဆယ်ပါးပညတ် သီလတော်မြတ်ကို မကျိုးမပေါက် မကျားမပြောက်အောင် စောင့်ရှောက်တော်မူကြပါကုန်လော့။ သမထ ၀ိပဿနာ ဘာဝနာ ပရိတ်တရားတော်နာ ကြွရောက်တော်မူလာကြကုန်သော အရှင်နတ်အများတို့သည် ကိုယ်စီ ကိုယ်ငှ လိုရာ ဌာနသို့ ကြွမြန်းတော် မူကြကုန်လော့။

၇။ ကိုယ်တော်အား ဆယ်ပါး၊ ဥာဏ်တော်အား ဆယ်ပါးသို့ ရောက်တော်မူကြကုန်သော အလုံးစုံသော မြတ်စွာဘုရားတို့၏ လည်းကောင်း၊ ပစ္စေကဗုဒ္ဓါ ရဟန္တာ အရှင်မြတ်တို့လည်းကောင်း အကြင်ဥာဏ ဗလတော်သည် ရှိ၏။ ထိုဥာဏ ဗလတော်၏ တန်ခိုးတေဇော် အာနုဘော်ဖြင့် ထက်ဝန်းကျင်သော အရပ်မျက်နှာမှ အစောင့်အရှောက်ကို ဖွဲ့စည်းပါ၏။

၈။ ဤလူ့ပြည်၌လည်းကောင်း၊ နဂါးပြည် ဂဠုန်ပြည် အစရှိသည်၌ လည်းကောင်း၊ နတ်ပြည်တို့၌ လည်းကောင်း နှစ်သက်မြတ်နိုးအပ်သော ရတနာသည် ရှိ၏။ ထိုရတနာတို့တွင် မြတ်စွာဘုရားနှင့် တူမျှသော ရတနာသည် မရှိ။ ဤ မြတ်စွာဘုရားသည် သာလျှင် လောကီ ရတနာ အဖြာဖြာတို့ထက် ကောင်းမြတ်သော ရတနာကြီး ဖြစ်တော်မူ၏။ ဤသို့ မှန်စွာ ဆိုရသော သစ္စာစကားကြောင့် သတ္တ၀ါတို့အား ကောင်းသော စီးပွားချမ်းသာ ဖြစ်ပါစေသတည်း။

၉။ ဤလူ့ပြည်၌လည်းကောင်း၊ နဂါးပြည် ဂဠုန်ပြည် အစရှိသည်၌ လည်းကောင်း၊ နတ်ပြည်တို့၌ လည်းကောင်း နှစ်သက်မြတ်နိုးအပ်သော ရတနာသည် ရှိ၏။ ထိုရတနာတို့တွင် မြတ်စွာဘုရား တရားတော်နှင့် တူမျှသော ရတနာသည် မရှိ။ ဤ တရားသည် သာလျှင် လောကီ ရတနာ အဖြာဖြာတို့ထက် ကောင်းမြတ်သော ရတနာကြီး ဖြစ်တော်မူ၏။ ဤသို့ မှန်စွာ ဆိုရသော သစ္စာစကားကြောင့် သတ္တ၀ါတို့အား ကောင်းသော စီးပွားချမ်းသာ ဖြစ်ပါစေသတည်း။

၁၀။ ဤလူ့ပြည်၌လည်းကောင်း၊ နဂါးပြည် ဂဠုန်ပြည် အစရှိသည်၌ လည်းကောင်း၊ နတ်ပြည်တို့၌ လည်းကောင်း နှစ်သက်မြတ်နိုးအပ်သော ရတနာသည် ရှိ၏။ ထိုရတနာတို့တွင် မြတ်စွာဘုရား တပည့်သား သံဃာတော်နှင့် တူမျှသော ရတနာသည် မရှိ။ ဤ သံဃာတော်သည် သာလျှင် လောကီ ရတနာ အဖြာဖြာတို့ထက် ကောင်းမြတ်သော ရတနာကြီး ဖြစ်တော်မူ၏။ ဤသို့ မှန်စွာ ဆိုရသော သစ္စာစကားကြောင့် သတ္တ၀ါတို့အား ကောင်းသော စီးပွားချမ်းသာ ဖြစ်ပါစေသတည်း။

၁၁။ ပစ္စုပ္ပာန် သံသရာ နှစ်ဖြာဘ၀ အေးမြရကြောင်း အလုံးစုံသော မင်္ဂလာတရားအပေါင်းသည် သင့်အား ဖြစ်ပါစေသတည်း။ အလုံးစုံ အရပ်ရပ် ရှိသမျှသော နတ်တို့သည် သင့်အား စောင့်ရှောက်ကြပါစေကုန်သတည်း။ ခပ်သိမ်းသော ဘုရားရှင်တို့၏ တန်ခိုးတေဇော် အာနုဘော်ကြောင့် သင့်အား အခါခပ်သိမ်း ကိုယ်စိတ်နှစ်ဖြာ ချမ်းသာခြင်း ဖြစ်ပါစေသတည်း။

၁၂။ ပစ္စုပ္ပာန် သံသရာ နှစ်ဖြာဘ၀ အေးမြရကြောင်း အလုံးစုံသော မင်္ဂလာတရားအပေါင်းသည် သင့်အား ဖြစ်ပါစေသတည်း။ အလုံးစုံ အရပ်ရပ် ရှိသမျှသော နတ်တို့သည် သင့်အား စောင့်ရှောက်ကြပါစေကုန်သတည်း။ ခပ်သိမ်းသော တရားတော်မြတ်တို့၏ တန်ခိုးတေဇော် အာနုဘော်ကြောင့် သင့်အား အခါခပ်သိမ်း ကိုယ်စိတ်နှစ်ဖြာ ချမ်းသာခြင်း ဖြစ်ပါစေသတည်း။

၁၃။ ပစ္စုပ္ပာန် သံသရာ နှစ်ဖြာဘ၀ အေးမြရကြောင်း အလုံးစုံသော မင်္ဂလာတရားအပေါင်းသည် သင့်အား ဖြစ်ပါစေသတည်း။ အလုံးစုံ အရပ်ရပ် ရှိသမျှသော နတ်တို့သည် သင့်အား စောင့်ရှောက်ကြပါစေကုန်သတည်း။ ခပ်သိမ်းသော သံဃာတော်မြတ်တို့၏ တန်ခိုးတေဇော် အာနုဘော်ကြောင့် သင့်အား အခါခပ်သိမ်း ကိုယ်စိတ်နှစ်ဖြာ ချမ်းသာခြင်း ဖြစ်ပါစေသတည်း။

၁၄။ ကြီးမြတ်သော ဂရုဏာ ရှိတော်မူသော ရှင်တော်ဘုရားသည် ခပ်သိမ်းသော သတ္တ၀ါတို့၏ အစီးအပွား အလို့ငှာ အလုံးစုံသော ပါရမီတော်တို့ကို ဖြည့်ကျင့်တော်မူ၏။ မြင့်မြတ်သော အရဟတ္တ မဂ်ဥာဏ်၊ သဗ္ဗညုတ ဥာဏ်ကို ရတော်မူ၏။ ဤသို့ မှန်စွာ ဆိုရသော သစ္စာစကားကြောင့် သင့်အား အခါခပ်သိမ်း ကောင်းသော စီးပွားချမ်းသာ ဖြစ်ပါစေသတည်း။

၁၅။ သာကီဝင်မင်းတို့၏ နှစ်သက်မြတ်နိုးခြင်းကို ပွားတိုးစေတော်မူတတ်သော မြတ်စွာဘုရားသည် ဗောဓိပင်ခြေ ပလ္လင်ဗွေ၌ မာရ်ငါးပါးကို အောင်မြင်တော်မူသကဲ့သို့ ဤနည်းတူပင် သင့်အား အောင်မြင်ခြင်းသည် ဖြစ်ပါစေသတည်း။ သင်သည် အောင်အပ်သော မင်္ဂလာ အောင်မြင်ပါစေသတည်း။

၁၆။ ခပ်သိမ်းသော ဘုရားရှင်ကိုယ်တော်မြတ်ကြီးတို့၏ ဗုဒ္ဓါဘိသေက မင်္ဂလာကို ခံယူတော်မူရာ ဖြစ်၍ မြေအပြင်တွင် အထူးတင့်တယ်လျှက် မြေဦးမြေထိပ်လည်း ဖြစ်သော အပရာဇိတ ပလ္လင်တော်၌ သဗ္ဗညုတဥာဏ်သို့ ရောက်တော်မူသော မြတ်စွာဘုရားသည် ကြည်နူးရွှင်ပျော် ၀မ်းမြောက်တော်ူမူသကဲ့သို့ ဤနည်းအတူသာလျှင် သင်သည် အထွတ်အထိပ်သို့ ရောက်၍ ၀မ်းမြောက်ဝမ်းသာ ဖြစ်ပါစေသတည်း။

၁၇။ သင့်အား ကောင်းသော နက္ခတ်သည် ဖြစ်ပါစေသတည်း။ ကောင်းသော မင်္ဂလာသည် ဖြစ်ပါစေသတည်း။ ကောင်းသော မိုးသောက်ခြင်းသည် ဖြစ်ပါစေသတည်း။ ကောင်းသော ထကြွခြင်းသည် ဖြစ်ပါစေသတည်း။ ကောင်းသော ခဏအခိုက်သာ ဖြစ်ပါစေသတည်း။ ကောင်းသော အချိန်သည် ဖြစ်ပါစေသတည်း။ မြတ်သော အကျင့်ကို ကျင့်သော သူတော်ကောင်းတို့အား ကောင်းသော ပူဇော်ခြင်းသည် ဖြစ်ပါစေသတည်း။

၁၈။ သင့်အား မြတ်သော ကာယကံသည် ဖြစ်ပါစေသတည်း။ မြတ်သော ၀စီကံသည် ဖြစ်ပါစေသတည်း။ မြတ်သော မနောကံသည် ဖြစ်ပါစေသတည်း။ သင်သည် မြတ်သော ကာယကံ၊ မြတ်သော ၀စီကံ၊ မြတ်သော မနောကံဟူသော ကံသုံးပါး၌ ဆောက်တည်နိုင်ပါစေသတည်း။

၁၉။ အကြင်သူတို့သည် မြတ်သော ကာယကံ၊ မြတ်သော ၀စီကံ၊ မြတ်သော မနောကံကို ပြုလုပ်သောကြောင့် မြတ်သော အကျိုးတို့ကို ရကြကုန်၏။ ထိုသူတို့သည် ကြီးပွားခြင်းသို့ ရောက်ကြပါစေကုန်သတည်း။ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာခြင်းသို့ ရောက်ကြပါစေကုန်သတည်း။ ဗုဒ္ဓမြတ်စွာ သာသနာတော်၌ မဂ်ဥာဏ် ဖိုလ်ဥာဏ် တိုင်အောင် ပြန့်ပွားခြင်းသို့ ရောက်ကြပါစေကုန်သတည်း။ အလုံးစုံသော အဆွေအမျိုးတို့နှင့်တကွ အနာရောဂါ ကင်းရှင်းချမ်းသာ အေးမြခြင်းသို့ ရောက်ကြပါစေကုန်သတည်း။

ပုဗ္ဗဏှသုတ် မြန်မာပြန် ပြီး၏။

၁၁။ ပုဗ္ဗဏှသုတ်

(ပုတ်ဗန်ဏှ-သုတ်)

၁။ ယံ ဒုန္နိမိတ္တံ အ၀မင်္ဂလဉ္စ၊

(ယံ ဒုန်နိမိတ်တံ အ၀ မင်ဂလင်စ၊)

ယော စာ’ မနာပေါ သကုဏဿ သဒ္ဒေါ။

(ယော စာ မနာပေါ သကုနတ်သ သတ်ဒေါ)

ပါပဂ္ဂဟော ဒုဿုပိနံ အကန္တံ၊

(ပါပက်ဂဟော ဒုတ်သုပိနံ အ- ကန်တန်၊)

ဗုဒ္ဓါနုဘာဝေန ၀ိနာသ’ မင်တု။

(ဗုတ်ဓာနုဘာဝေန ၀ိနာသ မင်တု။)

၂။ ယံ ဒုန္နိမိတ္တံ အ၀မင်္ဂလဉ္စ၊

(ယံ ဒုန်နိမိတ်တံ အ၀ မင်ဂလင်စ၊)

ယော စာ’ မနာပေါ သကုဏဿ သဒ္ဒေါ။

(ယော စာ မနာပေါ သကုနတ်သ သတ်ဒေါ)

ပါပဂ္ဂဟော ဒုဿုပိနံ အကန္တံ၊

(ပါပက်ဂဟော ဒုတ်သုပိနံ အ- ကန်တန်၊)

ဓမ္မာ နုဘာဝေန ၀ိနာသ’ မင်တု။

(ဓမ်မာ နုဘာဝေန ၀ိနာသ မင်တု။)

၃။ ယံ ဒုန္နိမိတ္တံ အ၀မင်္ဂလဉ္စ၊

(ယံ ဒုန်နိမိတ်တံ အ၀ မင်ဂလင်စ၊)

ယော စာ’ မနာပေါ သကုဏဿ သဒ္ဒေါ။

(ယော စာ မနာပေါ သကုနတ်သ သတ်ဒေါ)

ပါပဂ္ဂဟော ဒုဿုပိနံ အကန္တံ၊

(ပါပက်ဂဟော ဒုတ်သုပိနံ အ- ကန်တန်၊)

သံဃာနုဘာဝေန ၀ိနာသ’ မင်တု။

(သံဃာနုဘာဝေန ၀ိနာသ မင်တု။)

၎။ ဒုက္ခပ္ပတ္တာ စ နိဒုက္ခာ၊

(ဒုတ်ခပ်ပတ်တာ စ နိတ်ဒုတ်ခါ၊)

ဘယပ္ပတ္တာ စ နိဗ္ဗယာ။

(ဘယပ်ပတ်တာ စ နိတ်ဘယာ။)

သောကပ္ပတ္တာ စ နိေဿာကာ၊

(သောကပ်ပတ်တာ စ နိတ်သောကာ၊)

ဟောန္တု သဗ္ဗေပိ ပါဏိနော။

(ဟွန်တု သတ်ဗေပိ ပါဏိနော။)

၅။ ဧတ္တာဝတာ စ အမှေဟိ၊

(အစ်တာဝတာ စ အမ်မှေဟိ၊)

သမ္ဘတံ ပုညသမ္ပဒံ။

(သမ္ဘတံ ပုန္ညသမ္ပဒံ။)

သဗ္ဗေ ဒေ၀ါ’ နုမောဒန္တု၊

(သတ်ဗေ ဒေ၀ါနုမောဒန်တု၊)

သဗ္ဗသမ္ပတ္တိ သိဒ္ဓိယာ။

(သတ်ဗ- သမ်ပတ်တိ သိတ်ဓိယာ။)

၆။ ဒါနံ ဒဒန္တု သဒ္ဓါယ၊

(ဒါနံ ဒဒန်တု သတ်ဓာယ၊)

သီလံ ရက္ခ န္တု သဗ္ဗဒါ။

(သီလံ ရက်ခန်တု သတ်ဗဒါ။)

ဘာဝနာ ဘိရတာ ဟွန်တု၊

(ဘာဝနာ ဘိရတာ ဟွန်တု၊)

ဂစ္ဆ န္တု ဒေ၀တာ’ ဂတာ။

(ဂစ်ဆန်တု ဒေ၀တာ ဂတာ။)

၇။ သဗ္ဗေ ဗုဒ္ဓါ ဗလပ္ပတ္တာ၊

(သတ်ဗေ ဗုတ်ဓာ ဗလတ်ပတ်တာ၊)

ပစ္စေကာနဉ္စ ယံ ဗလံ။

(ပစ်စေကာနင်စ ယံ ဗလံ။)

အရဟန္တာနဉ္စ တေဇေန၊

(အရဟန်တာနင်စ တေဇေန၊)

ရက္ခံ ဗန္ဓာမိ သဗ္ဗသော။

(ရက်ခန် ဗန်ဓာမိ သတ်ဗ-သော။)

၈။ ယံကိဥ္စိ ၀ိတ္တံ ဣဓ ၀ါ ဟုရံဝါ၊

(ယံ ကိန်စိ ၀ိတ်တန် အိဓ ၀ါ ဟုရံဝါ၊)

သဂ္ဂေသု ၀ါ ယံ ရတနံ ပဏီတံ။

(သက်ဂေသု ၀ါ ယံ ရတနံ ပဏီတံ။)

န နော သမံ အတ္တိ တထာဂတေန၊

(န နော သမံ အတ်ထိ တ-ထာဂတေန။)

ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ။

(အိဒမ်ပိ ဗုတ်ဓေ ရတနံ ပဏီတံ။)

ဧတေန သစ္စေန သုဝတ္တိ ဟောတု။

(ဧတေန သစ်စေန သုဝတ်ထိ ဟောတု။)

၉။ ယံကိဥ္စိ ၀ိတ္တံ ဣဓ ၀ါ ဟုရံဝါ၊

(ယံ ကိန်စိ ၀ိတ်တန် အိဓ ၀ါ ဟုရံဝါ၊)

သဂ္ဂေသု ၀ါ ယံ ရတနံ ပဏီတံ။

(သက်ဂေသု ၀ါ ယံ ရတနံ ပဏီတံ။)

န နော သမံ အတ္တိ တထာဂတေန၊

(န နော သမံ အတ်ထိ တ-ထာဂတေန။)

ဣဒမ္ပိ ဓမ္မေ ရတနံ ပဏီတံ။

(အိဒမ်ပိ ဓမ်မေရတနံ ပဏီတံ။)

ဧတေန သစ္စေန သုဝတ္တိ ဟောတု။

(ဧတေန သစ်စေန သုဝတ်ထိ ဟောတု။)

၁၀။ ယံကိဥ္စိ ၀ိတ္တံ ဣဓ ၀ါ ဟုရံဝါ၊

(ယံ ကိန်စိ ၀ိတ်တန် အိဓ ၀ါ ဟုရံဝါ၊)

သဂ္ဂေသု ၀ါ ယံ ရတနံ ပဏီတံ။

(သက်ဂေသု ၀ါ ယံ ရတနံ ပဏီတံ။)

န နော သမံ အတ္တိ တထာဂတေန၊

(န နော သမံ အတ်ထိ တ-ထာဂတေန။)

ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ။

(အိဒမ်ပိ သံဃေ ရတနံ ပဏီတံ။)

ဧတေန သစ္စေန သုဝတ္တိ ဟောတု။

(ဧတေန သစ်စေန သုဝတ်ထိ ဟောတု။)

၁၁။ ဘ၀တု သဗ္ဗမင်္ဂလံ၊

(ဘ၀တု သတ်ဗ-မင်ဂလံ၊)

ရက္ခ န္တု သဗ္ဗဒေ၀တာ၊

(ရက်ခန်တု သတ်ဗ-ဒေ၀တာ။)

သဗ္ဗဗုဒ္ဓါ နုဘာဝေန၊

(သတ်ဗ-ဗုတ်ဓာနုဘာဝေန)

သဒါ သုခီ ဘ၀ န္တုတေ။

(သဒါ သုခီ ဘ၀န်တုတေ။)

၁၂။ ဘ၀တု သဗ္ဗမင်္ဂလံ၊

(ဘ၀တု သတ်ဗ-မင်ဂလံ၊)

ရက္ခ န္တု သဗ္ဗဒေ၀တာ။

(ရက်ခန်တု သတ်ဗ-ဒေ၀တာ။)

သဗ္ဗဓမ္မာ နုဘာဝေန၊

(သတ်ဗ-ဓမ်မာ နုဘာဝေန)

သဒါ သုခီ ဘ၀ န္တုတေ။

(သဒါ သုခီ ဘ၀န်တုတေ။)

၁၃။ ဘ၀တု သဗ္ဗမင်္ဂလံ၊

(ဘ၀တု သတ်ဗ-မင်ဂလံ၊)

ရက္ခ န္တု သဗ္ဗဒေ၀တာ။

(ရက်ခန်တု သတ်ဗ-ဒေ၀တာ။)

သဗ္ဗသံဃာ နုဘာဝေန၊

(သတ်ဗ-သံဃာ နုဘာဝေန)

သဒါ သုခီ ဘ၀ န္တုတေ။

(သဒါ သုခီ ဘ၀န်တုတေ။)

၁၄။ မဟာကာရုဏိကော နာထော၊

(မဟာကာရုဏိကော နာထော၊)

ဟိတာယ သဗ္ဗပါဏိနံ၊

(ဟိတာယ သတ်ဗ-ပါဏိနံ။)

ပူရေတွာ ပါရမီ သဗ္ဗာ၊

(ပူရစ်တ၀ါ ပါရမီ သတ်ဗာ၊)

ပတ္တော သမ္မောဓိ’ မုတ္တမံ။

(ပတ်တော သမ်ဗောဓိ မုတ်တမံ၊)

ဧတေန သစ္စ၀ဇ္ဇေန၊

(အေတေန သစ်စ-၀စ်စေန၊)

သောတ္ထိ တေ ဟောတု သဗ္ဗဒါ။

(သွတ်ထိ တေ ဟောတု သတ်ဗဒါ။)

၁၅။ ဇယန္တော ဗောဓိယာ မူလေ၊

(ဇယန်တော ဗောဓိယာ မူလေ၊)

ဧ၀မေ၀ ဇယော ဟောတု၊

(အေ၀-မေ၀ ဇယော ဟောတု၊)

ဇယဿု ဇယမင်္ဂလေ။

(ဇယတ်သု- ဇယမင်ဂလေ။)

၁၆။ အ ပရာဇိတ ပလ္လင်္ကေ၊

(အ-ပရာဇိတ ပန်လင်ကေ၊)

သီသေ ပုထု ၀ိပုက္ခလေ။

(သီသေ ပုထု ၀ိပုတ်ခလေ။)

အဘိသေကေ သဗ္ဗဗုဒ္ဓါနံ၊

(အဘိသေကေ သတ်ဗ-ဗုတ်ဓာနံ၊)

အဂ္ဂပ္ပတ္တော ပမောဒတိ။

(အက်ဂပ်ပတ်တော ပမောဒတိ။)

၁၇။ သုနက္ခတ္တံ သု မင်္ဂလံ၊၊

(သု-နက်ခတ်တံ သုမင်ဂလံ၊)

သုပ္ပဘာတံ သုဟုဋ္ဌိတံ။

(သုပ်ပ-ဘာတံ သုဟုတ်ထိတံ။)

သုခဏော သုမုဟုတ္တော စ၊

(သုခဏော သု-မုဟုတ်တော စ၊)

သုယိဋ္ဌံ ဗြဟ္မစာရိသု။

(သု-ယိတ်ထံ ဗြန်မ-စာရိသု။)

၁၈။ ပဒက္ခိဏံ ကာယကမ္မံ၊

(ပဒက်ခိဏံ ကာယကမ်မံ၊)

ဝါစာကမ္မံ ပဒက္ခိဏံ။

(၀ါစာ-ကမ်မံ ပဒက်ခိဏံ။)

ပဒက္ခိဏံ မနောကမ္မံ၊

(ပဒက်ခိဏံ မနောကမ်မံ၊)

ပဏီဓိ တေ ပဒက္ခိဏေ။

(ပဏီဓိ တေ ပဒက်ခိဏေ။)

၁၉။ ပဒက္ခိဏာနိ ကတွာန၊

(ပဒက်ခိဏာနိ ကတ်တ၀ါန၊)

လဘန္တ’တ္ထေ ပဒက္ခိဏေ။

(လဘန်တတ်ထေ ပဒက်ခိဏေ။)

တေ အတ္ထလဒ္ဓါ သုခိတာ၊

(တေ အတ်ထ-လတ်ဓာ သုခိတာ၊)

ဝိရုဠာ ဗုဒ္ဓသာသနေ။

(၀ိရုန်လှာ ဗုဒ္ဓသာသနေ။)

အရောဂါ သုခိတာ ဟောထ၊

(အ-ရောဂါ သုခိတာ ဟောထ၊)

သဟ သဗ္ဗေဟိ ဥာတိဘိ။

(သဟ သဗ္ဗေဟိ ဥာတိဘိ။)

ပုဗ္ဗဏှသုတ်တံ နိဋ္ဌိတံ။

(ပုတ်ဗန်ဏှ -သုတ်တံ နိတ်ထိတံ။)

Read More...