Saturday, November 1, 2008

မိုးကုတ်ဆရာတော် အလုပ်ပေး တရားတော်

၁၃၁၈-ခု၊ တော်သလင်းလဆန်း (၁၃)ရက်

တရားနာ ပရိသတ်များအား ဟောကြားသော အလုပ်ပေး တရားတော်


တကာတကာမတွေ ဒီနေ့တော့ လူသစ်တွေလာပြီး တရားနာကြ၊ တရားအားထုတ်ကြလို့ ၀ိပဿနာ လက်တွေ့လုပ်နည်းကို စပြီး ဟောရလိမ့်မယ်။


ဝိပဿနာ အလုပ် စမယ်ဆိုရင် မိမိစိတ်ကို အဓိပတိ သုံးပါးကို အားထားရမယ်။


(၁။ မိမိကိုယ်ကို အားထားပြီး တရားအားထုတ်ရမယ်။ ငါဟာ စားစရာမရှိလို့ တရားအားထုတ်နေတာ မဟုတ်ဘူး။ နေထိုင်စရာမရှိလို့ တရားအားထုတ်နေတာ မဟုတ်ဘူး။ ဆေးဝါးကုစရာ မရှိလို့လဲ မဟုတ်ဘူး။ အိုဘေး၊ နာဘေး၊ သေဘေး၊ မွဲ ကွဲ ဘေး တည်းဟူသော သံသရာဝဋ်ဆင်းရဲတို့မှ လွတ်မြောက်နိုင်အောက်လို့ တရားအားထုတ်ခြင်းဖြစ်တယ်။ အဲဒါ အတ္တာဓိပတိ လို့ ခေါ်တာပဲ။


၂။ လောကကြီးကိုလဲ အဓိပတိထားပြီး တရားအားထုတ်ရမယ်။ ငါသည် တရား အားထုတ်တယ်လို့ အမည်ခံပြီး တရားအားထုတ်ချိန်မှာ လောဘ၊ ဒေါသ၊ မောဟ တရားတွေ ဖုံးလွှမ်းပြီး အရောင်းအ၀ယ် ကိစ္စတွေ စဉ်းစားတွေးတောပြီး မနေနဲ့။ ထိန မိဒ္ဓ ဖြစ်လဲ မနေနဲ့။ ပျင်းလဲ မနေနဲ့။ အိပ်လဲ ပျော်မနေနဲ့။ စိတ်ကလဲ လေလွင့်မနေနဲ့။ မလျောက်ပတ်တဲ့ အပြု အလုပ်မျိုး လုပ်နေရင် ကိုယ်စောင့်နတ်ကလဲ သိတယ်။ တခြား သမ္မာဒေ၀ နတ်ကောင်းနတ်မြတ် များကလဲ သိတယ်။ အဘိညာဉ်ရတဲ့ ပုဂ္ဂိုလ်များကလဲ သိကြတယ်။ ဒါကြောင့် လောကကြီးကို ရှက်ကြောက်ပြီး လောကကို အဓိပတိထားပြီး အားထုတ်ရမယ်။


၃။ တရားတော်ကို အဓိပတိထားပြီး တရားအားထုတ်ရမယ်။ တရားတော်ကို ရိုသေလေးစားပြီး ၀ိပဿနာ ဥာဏ်နှင့် မမြင် မြင်အောင် ကြည့်ရမယ်။ တရားမမြင်တာဟာ တရားမပေါက်ရောက်တာဟာ တရားကမရှိလို့ မဟုတ်ဘူး၊ ငါက တရားတော်ကို မလေးစားလို့ မမြင်တာလို့ ဆုံးဖြတ်ချက်ချပြီး တရားကို အဓိပတိထားပြီး အားထုတ်ရမယ်။ အဲဒါကို ဓမ္မာဓိပတိလို့ ခေါ်တယ်။)


တရားထိုင်တဲ့အခါမယ် ဆိတ်ငြိမ်တဲ့နေရာမှာ ထိုင်ပါ။ ဆိတ်ငြိမ်ပြီး အနှောင့်အယှက် မဖြစ်တဲ့ နေရာဟာ တောပါပဲ။


ဘုရားကို ရှိခိုးကန်တော့၊ မိမိခန္ဓာကိုယ်ကို တရားမထိုင်မီ ဘုရားကိုလှူထားပါ။

ပြီးတော့ သမ္မာဒေ၀ နတ်ကောင်းနတ်မြတ်များကို အမျှဝေပါ။

(တရားအားမထုတ်မီ ပြုလုပ်ရမည့် ကိစ္စငါးပါးကို တရားအားမထုတ်မီ ရှေးဦးစွာ ပြုလုပ်ရမည့် ကိစ္စများ

တွင် တင်ပြထားပြီး ဖြစ်ပါသည်။)


ခန္ဓာကိုယ်ကို အချိန်ကြာကြာ တရားအားထုတ်နိုင်အောင် တည့်တည့်မတ်မတ် ထိုင်ပါ။

ဘယ်ဘက်မှ မစောင်းပါနှင့်။ ရှေ့ကိုလဲ မငိုက်ပါစေနှင့်။ ကိုယ်ကို ဖိညှစ် မထိုင်ဘဲ ခပ်လျှော့လျှော့ ထိုင်ပါ။ တောင့်မထားပါနှင့်။


ထွက်သက် ၀င်သက် အာနာပါနကို စိတ်တည်ငြိမ်ပြီး သမာဓိ ရအောင်လုပ်ပါ။

ဝင်လေလဲသိ၊ ထွက်လေလဲသိပြီး ငါ စွဲ မစွဲ စေနဲ့။


အဲဒီလို သတိကို လက်မလွတ်စေဘဲ ထွက်လေ ၀င်လေကို သိသိနေတာ ကြာရင် သမာဓိလဲ အားကောင်းလာမယ်။


အဲဒီ သမာဓိ အားကောင်းလာတဲ့အချိန် ၀ီရိယကို အလျှော့ မပေးဘဲ သတိနှင့် ပညာကို ကပ်ပြီးလိုက်ပါ။


တရားထိုင်ရတာ ကြာတော့ ရုပ်တွေက ဖောက်ပြန်လာပြီး ဝေဒနာတွေ ပေါ်လာမယ်။ တောင့်လာတာ၊ ညောင်းလာကို ဥာဏ်က သိလာတယ်။

ညောင်းတာရယ်၊ ညောင်းမှန်းသိတာရယ် အဲဒီနှစ်ခုတို့ကို ဖြစ်ပြီးပျက် သွားတာပဲလို့ သိလိုက်ပါ။


အဲဒီလို သိလိုက်တဲ့စိတ် တစ်ချက်မှာ ညောင်းတဲ့ ရုပ်နဲ့ ညောင်းတဲ့စိတ် မရှိတော့ပြီ၊ ချုပ်ပျောက်သွားကုန်ပြီလို့ နောက်ဥာဏ်က သိလိုက်ပါ။


ညောင်းတာ တောင့်တာကို ပြုပြင်ပြီး မပေးသမျှ ညောင်းတာတွေ တစ်ခုပြီးတစ်ခု ဖြစ်ပြီး ပျက်နေအုံးမှာမို့ ဒူးကလေး ခြေကလေး ဆန့်ချင်တဲ့စိတ်၊ ပြောင်းချင်ရွှေ့ချင်တဲ့စိတ် ပေါ်လာလိမ့်မယ်။


အဲဒီအခါမှာ မိမိတို့ ဥာဏ်က ”ဆန့်ချင်ကွေးချင် ပြန်သတဲ့၊ ပြောင်းချင်ရွှေ့ချင် ပြန်သတဲ့” လို့ သိလိုက်ပါ။


သိလိုက်တဲ့ တစ်ချက်ထဲမှာ ထိုဆန့်ချင် ကွေးချင် ပြောင်းချင်တဲ့ ရုပ်နာမ်တွေ မရှိတော့ပြီလို့ ထပ်သိလိုက်ပါ။


အဲဒီလို သိနေတုန်း ကြားဖြတ်ပြီး အသံ တစ်ခု ကြားလိုက်က ကြားပြန်ပြီလို့ သိပါ။ အဲဒီလို ခန္ဓာငါးပါးမှာ တစ်ခုခု ပေါ်လာတိုင်း ပေါ်လာတိုင်း သိပြီး၊ ဖြစ်ပြီး ပျက်သွား၊ ပျောက်သွားပါကလား လို့ သိရမယ်။


အဲဒီလို အသိတရားတွေ ကျဲနေရာက စိပ်သည်ထက် စိပ်ပြီး လာတာတွေကို ဥာဏ်နဲ့မှတ်၊ တဖြည်းဖြည်း ရုပ်နာမ် တရားတွေ တစ်ခုပြီး တစ်ခု ဖြစ်ပြီး ပျက်သွားတာကို သတိနှင့် စိုက်ကြည့်က တွေ့လိမ့်မယ်။


အနိစ္စ၊ ဒုက္ခ၊ အနတ္တလို့ ပါဠိလို ရွတ်မနေနှင့်တော့။


ဖြစ်ပြီး ပျက်သွားပါကလားလို့ တစ်ခုတည်းကိုသာ သတိနဲ့ စိုင်ပြီး ကြည့်နေရင် ဆင်းရဲတဲ့ သဘော၊ အစိုးမရတဲ့ သဘောကိုသာ ပိုထင်မြင်လာလိမ့်မယ်။


ဒီလို မိမိတို့ ခန္ဓာကိုယ်ပေါ်မှာ ပေါ်တိုင်းပေါ်တိုင်း ဖြစ်ပျက်တွေ ရှုကြည့်ဖန်များလာက မိမိရဲ့ ခန္ဓာကိုယ်ကို ရွံမုန်းလာတော့တာပဲ။

အဲဒီအခါမှာ မိမိတို့ ခန္ဓာကိုယ်ကို စွန့်လွှတ်ချင်တဲ့စိတ် ဖြစ်လာမယ်။


ခန္ဓာကိုယ်ရှိရင် ဤလို ဖြစ်ပျက် ဒုက္ခနှင့် မကင်းနိုင်ဘဲ အိုနာသေ ဆိုတဲ့ ဒုက္ခသစ္စာနှင့် တွေ့ကြရအုံးမှာမို့ ကြောက်ရွံ.ပြီး မိမိခန္ဓာကိုယ်ကိုပဲ ရွံမုန်းလာမယ်။


ဖြစ်ပျက်ကို ရှုဖန်များလာရင် လောဘ၊ ဒေါသ၊ မောဟ ၃ပါးစလုံး တဖြည်းဖြည်း ခေါင်းပါးပြီး နောက်ဆုံး လွင့်ပျောက် ခန်းခြောက်သွားအောင် ဖြစ်ပျက် ဆုံးအောင် ပွားများ အားထုတ်ဖန်များက ယခု ဘ၀မှာပင် မဂ်ဖိုလ်ကို ရနိုင်တယ်။


ဦးကျော်သိန်း ရေးသားသော ”မိုးကုတ်ဆရာတော် ဘုရားကြီး၏ ထေရုပတ္တိနှင့် ကျင့်စဉ်” စာအုပ်မှ ကောက်နှုတ်တင်ပြပါသည်။

No comments: