Thursday, June 18, 2009

ကျွန်တော်နှင့် ကာယာနုပဿ တိ

တောင်စဉ် မရေမရာတွေ ရေးလေ့ ရှိတဲ့ ကျွန်တော် ဒီဆိုဒ်မှာ Contributor အဖြစ်ပါနေပေမယ့် အဆင်အပြင် လေး နည်းနည်းပါးပါး မွန်းမံယုံက လွဲပြီး တရားလို လေးနက်တဲ့ အကြောင်းအရာတွေ ရေးဖို့ မရည်ရွယ်ပါဘူး။ ဘ၀မှာ မိရိုးဖလာကိုးကွယ်ရာကနေ သရဏဂုံ ၃ပါးကို လိုက်ရွတ်ဆိုရင်း ဗုဒ္ဓဘာသာဝင် ဖြစ်လာတယ်ဆိုရင် မမှားပါဘူး။ ခုချိန်ထိလည်း တတိယ တန်းစားဗုဒ္ဓဘာသာဝင် အဖြစ်ကနေ ရုန်းမထွက်နိုင်သေးပါဘူး။ ငယ်ငယ်က ဥပုသ် မကြာမကြာ စောင့်ဖူးပါတယ်။ တနေကုန် ဥပုသ် ရတဲ့ အခါလည်းရပါတယ်။

ပြန်စဉ်းစားလိုက်တော့ မိဘ ဘိုးဘွားတွေက လိမ္မာတဲ့ ကလေးလို့ မကြာမကြာပြောဖူးတော့ ပိုပြီး အပြောခံရအောင် လုပ်ပြတဲ့ စိတ်ထား က ဥပုသ်စောင့်ရင် ကုသိုလ်ရတယ်ဆိုတဲ့ စိတ်ထားထက် ပိုခဲ့ပါတယ်။ ဓမ္မဗျူဟာ မြတ်ဆုမွန် မြတ်မင်္ဂလာ စတဲ့ ဘာသာရေး စာပေ တွေကို ဖတ်စရာ တစ်ခုအနေနဲ့ ဖတ်ရင်း ပုံပြင်တွေ ဇာတ်နိပါတ် တစ်ချို့ ကို သိလာပါတယ် နုမှာ ငါးရာ ရင့်မှာ တစ်ကျိပ် စသည်ဖြင့်ပေါ့။ နောက်ပိုင်း ဗေဒင် ယတြာ မုတ်ထုတ်ဆရာတော်ရဲ့ အင်္ဂ၀ိဇ္ဇာ ဓါတ်ရိုက် ဓါတ်ဆင် ပုဂ္ဂလပညတ် အခြေခံ ဓါတ်ကျမ်း (ဓါတ်ရိုက် ဓါတ်ဆင် ပါပဲ)၊ ရွှေရင်ကျော် ဂိုဏ်းက ထုတ်တဲ့ စာအုပ် (ဂိုဏ်းဝါစဉ်ကြီးပုဂ္ဂိုလ်ထဲမှာ ဆရာတော်တစ်ပါးပါပါတယ် နံမည် မမှတ်မိတော့) စတဲ့ စာအုပ်တွေဖတ်ရင်း လောကီပညာ တွေ စိတ်ဝင်စားလာပြီး တန်ခိုး သိဒ္ဓိတို့ ဘာတို့ မျှော်လင့် ခဲ့တယ်။ ထူးဆန်းတဲ့ ရသေ့ ယောဂီ တပသီ
တို့ရဲ့ အကျင့်တွေဆို ၀တ္တုတွေထဲ ပါရင်တောင် စမ်းပြီး လုပ်ကြည့်ရတာ အမောပဲ။ ဥပမာ အသက်ကို အောင့်နိုင်သမျှ အောင့် ပြီး ကျင့်ရင် နောက်ပိုင်း အသက်မရှူပဲ နေသွားနိုင်မယ် ဘာညာ ဆိုတာမျိုးပေါ့။ အဲ ဘိုးဘိုးအောင် ရသွားတယ်ဆိုတဲ့ အင်းပညာ ပုရပိုက်လည်း လိုချင်ခဲ့ပြန်သေးသဗျ။ ရွှေရင်ကျော် ဂိုဏ်းမှာ အဆင့် ၉ ဆင့် ရှိသဗျ။ ၉ ဆင့်ပြီးတက်ပြီးရင် ဂိုဏ်းဆရာ ဖြစ်ပြီ။ ပညာ ဆက်ဖြန့်ဝေလို့ရပြီပေါ့ဗျာ။ ထားပါတော့ ကျွန်တော် ချာတိတ်က သိဒ္ဓိရှင် မဟိဒ္ဓိရှင် ဖြစ်ချင်နေခဲ့တာဗျ။ ၁၉၈၉ ကနေ ၂၀၀၀ လောက်ထိ အမဲသား မစားခဲ့ဘူးဗျ။ အစပိုင်းတော့ ဂိုဏ်းဝင်မို့ မစားတာပါ နောက်ပိုင်းကတော့ မစားတာကြာပြီး မစားနိုင်တော့လို့ မစားတာပါ။ ဂိုဏ်းတွင်းစာအုပ်တွေ ကို ချာတိတ်က လိုက်ဖတ်တာ အင်းဘယ်လို စမ ဘယ်လို ချရတယ်ဆိုတာက အစပေါ့ဗျာ။

၁၀ တန်းအောင်ပြီး နောက်ပိုင်း ဘာသာရေး လုပ်တာ အားနည်းလာသလို အဲဒီ သိဒ္ဓိ မဟိဒ္ဓိတွေ ဘိုးတော်တွေကို စိတ်ဝင်စားတာ ပိုပို နည်းလာတယ်။ ပြောရရင် သောက်တယ် စားတယ် ပေါ့ဗျာ။ ငယ်ငယ်ကလို စိတ်ကူး မယဉ်တော့သလို အဓိပ္ပါယ် မရှိတာတွေလုပ်ဖို့ စိတ်မပါဘူး လို့ ခံစားမိလာတယ်။ ဗေဒင်ဘာညာ ဆိုလည်း အားကိုးလိုတဲ့ စိတ် မရှိတော့ဘူး။ ယုတ်စွ အဆုံး ဆရာ စံဇာဏီဘို စာထုတ်တဲ့ ကိုယ်နဲ့ နေ့နံကိုက်တဲ့ စာအုပ်ကို တွေ့ ရင်တောင် အစပိုင်းလောက် ကို ၀တ္တုလို သဘောမျိုး ဖတ်ကြည့်ဖူးတယ်။ ယုံကြည် ကိုးစားချင်စိတ် မရှိတော့တာ။ ဗေဒင် ဆရာများကို စော်ကားခြင်းမဟုတ်ပါ။ ဗုဒ္ဓစင်စစ် ဧကန်ဖြစ်မည် ဟောသည်မှာ ဗေဒင်ပင်ဖြစ်သည် လို့ စာတွေထဲဖတ်ဖူးသည်။ ထားပါတော့။ ပြောချင်သည်မှာ ဗုဒ္ဓဘာသာတွင် ကျွန်တော့် အခြေခံ မည်မျှရှိကြောင်း ပြောလိုရင်းပင်။

တနည်းအားဖြင့် ဒါသည်ပင် ကျွန်တော့်ပတ်ဝန်းကျင်ပါ။ ဘာသာတရားကိုင်းရှိုင်းသော ရွာကလေးတွင် ကျွန်တော့်ကို မွေးသည်။ အဖေ ကျောင်းဆရာမို့ အယူသည်းလွန်းသော ယုံကြည်ကိုးစားမှုမျိုး မရှိပါ။ သို့သော် ကျွန်တော် မိဘနှင့် နေခြင်းမဟုတ်ပါ။ အဖိုးအဖွားနှင့် ပေါင်းသုံးယောက်နေသည်။ အဖွား ဥပုသ်စောင့်တိုင်း ကျွန်တော်ပါစမြဲ။ အဘွားတရားနာတိုင်း ကျွန်တော်ဘေးက ရှိစမြဲ။ ကျွန်တော် တရားကို နားလည်အောင် နားစိုက်ထောင်ဖူးသည်။ ၈တန်း ၉ တန်း နှစ်အထိ ဆိုပါတော့။ ဒါန သီလသည် ဘယ်သို့ဘယ်ပုံ အကျိုးပေးကြောင်း အရဟတ္တဖိုလ် ဆိုက်ရောက်ရန် ပါရမီ ဖြည့်ပုံ နှင့် တူကြောင်း ဖြည့်တင်းသော ပါရမီ ပြည့်သော တနေ့ (၎င်းတစ်နေ့ သည် ဘ၀ အချို့ ဖြတ်သန်းပြီး မှ နောက်ဆုံးဘ၀) နိဗ္ဗာန် ရောက်နိုင်သည်ဟုသာ ကျွန်တော် နားလည် လိုက်သည်။ ဒါသည် ဆရာတော်တွေ ဟောလိုရင်း ဟုတ်ချင်မှ ဟုတ်မည် ကျွန်တော်နားလည် တာသာဖြစ်သည်။ ကျွန်တော်ထင်တာတော့ ကျွန်တော့ပတ်ဝန်းကျင်သည်လည်း ဒီလိုပင် နားလည်ကြသည်ထင်ခဲ့သည်။ ရွာဦးကျောင်းဆရာတော်သည် ပိဋက သုံးပုံဆောင် မင်းကွန်းဆရာတော် ဦးဝိစိတ္တသာရဘိဝံသ ၏ လက်ရင်းတပည့်ဖြစ်သည်။ ပထ၀ီ တေဇော ၀ါယော လောက်သာမှတ်မိသည် ကျွန်တော့ဥာဏ်ဖြင့် လိုက်မမှီခဲ့။ ဒီလိုနဲ့ ကျောင်းစာတွေနဲ့ နပန်းလုံးရင်း ဘုရားရှိခိုးတတ်ယုံကလွဲ၍ ကျွန်တော် တကယ့် အနှစ်သာရကိုမသိ ဂါထာတွေကတော့ တော်တော်ရသည် သံဗုဒ္ဓေ ဂါထာဆို ကျွန်တော် ညစဉ် ရှိခိုးရွတ်ဆိုသော ဂါထာဖြစ်သည်။ အနက်မသိလျှင် အကျိုးမရှိဆိုသောကြောင့် အနက်ကိုပါ သိအောင်လိုက်ရှာ နားလည်ခဲ့ဖူးသည်။ သို့သော် မိမိကိုယ်ကို ဗုဒ္ဓဘာသာ အစစ်အဖြစ် လက်မခံနိုင်သေးပါ။ တတိယ သာမာန်သိသာ သိသော ဗုဒ္ဓဘာသာဝင် အဖြစ်သာ လက်ခံနိုင်သေးသည်။ ဘ၀တိုးတက်ရေးအတွက် ကျောင်းစာများ ကိုကြိုးစားရင်း ဘုရားရှိခိုးခြင်း ရံဖန်ရံခါ အာနာပါန ရှူ့ ခြင်းတို့ကိုသာ လုပ်ဆောင်ဖူးသည်။

ကျွန်တော့် စာတွေ့အားဖြင့် လေ့လာမှုသည် ၀ိပဿနာထိ မရောက်ခဲ့ပါ။ သမထ လေ့ကျင့်မှု တို့ကို စာတွေ့အားဖြင့် လေ့လာနေဆဲ အချိန်မှာပင် ကျွန်တော်အရွယ်ရောက်ခဲ့ပြီး တခြားစိတ်ဝင်စားစရာများ ဘက်သို့ ဦးတည်သွားခဲ့သောကြောင့် ၀ိပဿနာဟူသည် နာမည်ကြားဖူးယုံသာ ရှိသည် ပြောရမည် ဖြစ်သည် ခုချိန်ထိလည်း ကျွန်တော် ၀ိပဿနာ အကြောင်း မသိသေးပါ။ ရံဖန်ရံခါ လေ့လာဦးမှပဲ ဟူသောအတွေးဝင်သည်မှလွဲ၍ သေသေချာချာ မလေ့လာဖူးသေးပါ။ ငယ်စဉ် မူလတန်း အလယ်တန်း အထက်တန်း တက္ကသိုလ် ပညာရေးတို့အတွင်း ကျွန်တော် လွယ်လွယ် ကျော်ဖြတ်ခဲ့နိုင်ခြင်းမှာ ဘာသာရေးဘက်ကို သေချာမသိသော်ငြား စိတ်ဝင်စားခဲ့မိသောကြောင့်ထင်သည်။ မျက်ကန်း တောတိုးပြောခြင်းမဟုတ်ပါ။ ယုံကြည်မှုသည် လူကို တွန်းအားဖြစ်စေ သလို ဆုံးဖြတ်ရာတွင်လည်း မှန်ကန်စွာ ဆုံးဖြတ်နိုင်လေသည်။ မည်သည့်ဘာသာဝင်ဖြစ်ပါစေ စိတ်သည် မှားယွင်းသော အယူဘာသာကို လက်ခံမိသော်ငြား ယုံကြည်မှု ခွန်အားကို ဖြစ်စေနိုင်သည်က တော့သေချာသည်။ ဗုဒ္ဓဘာသာဝင်မှ၊ ခရစ်ယာန်ဘာသာဝင်မှ၊ အစ္စလာမ် ဘာသာဝင်မှ မဟုတ်ဘယ်နတ်ဘုရားကို ကိုးကွယ်ကိုးကွယ် ယုံကြည်မှု သဒ္ဓါသည် ခွန်အားကို ဖြစ်စေသည်။ ဒါသည်လောကီအောင်မြင်ရေးအတွက် တကယ်လိုအပ်သော အရာပင်ဖြစ်သည်။

ဒီလိုနှင့် တက္ကသိုလ်ကျောင်းသားဘ၀ အသောက်အစားအပျော်အပါးများနှင့် အချိန်ကုန်ခဲ့သလို အတွေ့အကြုံ ထပ်မံဖတ်ခဲ့မိသော စာပေများမှ အသိ စသည်တို့က မျက်ကန်း ကိုးကွယ်ယုံကြည်မှု ကို တဖြည်းဖြည်း ခ၀ါ ချလာခဲ့သည်။ ကျွန်တော် ဖန်ဆင်းရှင်ကို မယုံတာတော့ သေချာပါသည်။ ဗုဒ္ဓစာပေတို့ကို အဖတ်များခဲ့၍ ကောင်းကွက်တို့ကိုသာ ရွေးမြင်သဖြင့် လော၊ အကျင့်အကြံပိုင်းကို နှစ်သက်၍ လောတော့မသိ ဗုဒ္ဓ၀ါဒသည် သာ ကျွန်တော့်စိတ်၌ မျက်ကန်းယုံကြည်မှုမဟုတ်ပဲ မသိမသာ ကိန်းအောင်းလာခဲ့သည်။ ဒီနောက်ပိုင်း အရွယ်ရောက်သော တိုးတက်ကြီးပွားလိုသူတို့ တွေ့ကြုံရသည့် စိန်ခေါ်မှုများက ကျွန်တော့်ကို စိတ်ဖိစီးမှုများ ခံစားလာစေခဲ့သည်။ ငယ်စဉ်ကလို ဂါထာရွတ်၍၎င်း ဘုရားရှိခိုး၍ ၎င်း အခက်အခဲများ ကို ဖြတ်ကျော်နိုင်လိမ့်မည်ဟု အရင်လောက် ကျွန်တော် ယုံကြည်မရတော့ခြင်းပင်။ ဗုဒ္ဓကို တန်ခိုးထက်သော ဘုန်းပါဝါကြီးသော နတ်ဒေ၀ါတကာ တို့ထက် လွန်ကဲသော ပါဝါရှိသူဟု ကိုးကွယ် ယုံကြည်ခြင်းထက် လူသားဂုရု တစ်ယောက်လိုမြင်လာခဲ့သည်။ အသက်ကြီးလာချိန်တွင် ငယ်စဉ်ကထက် ကျွန်တော်ပို၍ စိတ်ရှုပ်ထွေးလာနေသည်။ ပညာရေး အိမ်ထောင်ရေး အနာဂတ်ရေး အားလုံးတို့သည် ကျွန်တော့် ခေါင်းပေါ်သို့ ကျွန်တော်မတင်ပဲ ရောက်လာခဲ့သည်။ ဘုရားရှိခိုးခြင်း ပုတီးစိတ်ခြင်း ဂါထာရွတ်ခြင်းတို့သည် တဒင်္ဂ စိတ်ဖြေမှုကိုသာ ရပြီး ကျွန်တော်စိတ်ကို မပြေပျောက်နိုင်ခဲ့ပါ။ ကျွန်တော် နေ၀င်ချိန် ရောက်နေပြီလား။

ငယ်စဉ်က စိတ်ချမ်းချမ်းသာသာ နဲ့ ဖြတ်ကျော်နိုင်ခဲ့တာ ဘာတွေကြောင့်လဲ။

အဓိကကတော့ စိတ်ပင်ဖြစ်သည်။ ခုချိန်မှာ ငယ်စဉ်လို မျက်စိမှိတ်ပြီး ယုံကြည်လို့လည်း မရတော့ပါ။ ကိုယ်နဲ့ အနီးကပ်ဆုံးသည် ခရစ်တော်လည်းမဟုတ် တမန်တော်မိုဟာမက်လည်း မဟုတ်၊ ငယ်စဉ်ကတည်းက ရင်းနှီးကျွမ်းဝင်ခဲ့သော ရှင်တော် ဗုဒ္ဓသာ ဖြစ်သည်။ ကျွန်တော် ဗုဒ္ဓ၏ ဆုံးမမှုများနှင့် ကြီးပြင်းခဲ့သည်ပဲ။ ငယ်ငယ်က အဖေ ကို အားကိုးချစ် ချစ်လို့ရသော်လည်း အရွယ်ရောက်လာတော့ ချစ်ခင်မှု တမျိုးဖြစ်သွားသည်ကို ကြုံဖူးပါသလား။ ငယ်ငယ်က အဖေသည်သာ အကာအကွယ်ပေးနိုင်သော တန်ခိုးရှိလူသားတစ်ဦး ဖြစ်သည်။ ကြီးလာတော့ သံယောဇဉ်နှောင်ဖွဲ့သော ချစ်ခြင်းသာ ဖြစ်တော့သည်။ ခုလည်း ဒီလိုခံစားမှုမျိုးနဲ့ နည်းနည်းဆင်သည်။ သူပြောသမျှ ကို ယုံကြည်စရာလေးနဲ့မှ ယုံချင်လာသည်။ ကျွန်တော်ဖတ်ဖူးသမျှ ကျွန်တော် တချို့လုပ်ပြီးပြီ။ စိတ်ဖိစီးမှုသည် မပြေ။ အဘယ်ကြောင့်ဆိုသော် ယုံကြည်မှု လျှော့နည်းလာတာလည်း ပါမည်။

ဒီလိုနှင့် ၈ မိုင် မဟာစည်သို့ သွားစုံစမ်းသည်။ အိမ်မှ သင်္ကန်းစည်းဖို့ ပေးလိုက်သော ငွေ ၉ သောင်းကို ပိုက်လို့ပေါ့။ ၂၀၀ရ ခုနှစ် နှစ်စပိုင်း ဖြစ်သည်။ ရွာမှာ ရှာသော ငွေမို့ နည်းသည် မဆိုနိုင် များသည်ပင် ဆိုနိုင်သည်။ အရင်ရက်က သုံးဖြုန်းထားသော အကြွေး လေးသောင်းလောက် ဆပ်လိုက်တော့ ၅ သောင်းလောက်သာ ကျန်တော့သည်။ ဒီလို့နှင့် ၈ မိုင် မဟာစည် ၀င်ဖို့ ကြိုးစားသည်။ တကယ့်လက်တွေ့ ၀ိပဿနာကို စည်းပူးလို့ အားထုတ်မည်ပေါ့။ သီလရှင်ဆရာကြီးကပြောသည် ၁၀ ရက်စခန်း အတွက် သင်္ကန်းဖိုး ဆွမ်းဖိုး အပါအ၀င် ၄ သောင်းခန့် ကုန်ကျနိုင်သည်။ ဟင်...ကျွန်တော်မှာ ၄ သောင်းလောက်ပဲ ရှိသည် လူထွက်လျှင် သုံးစရာမရှိဖြစ်မည်မို့ ဒိထက် ဈေးသက်သာတာ ရှာမှ ဖြစ်မည်။ ချမ်းမြေ့ ရိပ်သာကျောင်းသို့သွားသည် အကန့်အသတ် ဖြင့်သာ လက်ခံသမို့ ကိုယ့်ထက် ဦးသူများ ရှိနေပေပြီ။ နောက်ဆုံး သူငယ်ချင်း ဆက်ပေးသော သာကေတ မူလမင်းကွန်းကျောင်း သို့ ရောက်တော့သည်။ ထိုအချိန် ကျွန်တော် အသုံးကြီးပုံက လက်ထဲ ၅ ထောင်ပင် မကျန်တော့။ သူငယ်ချင်း ကောင်မလေး သုံးယောက် ပေါင်း ဒကာမ ခံ၍ သင်္ကန်းဖိုး စိုက် ဘာစိုက် ညာစိုက် ၂ သောင်းလောက် ကုန်ကြသည်ထင်သည်။ နောက်ဆုံး ကျွန်တော် ဦးပဉ္ဖင်း ဖြစ်သွားသည်။ ကျွန်တော့်ဘ၀ တွင် တရားအားထုတ်မှုနှင့် ပတ်သက်၍ အပြင်းထန်ဆုံးလုပ်ခဲ့ဖူးသော အချိန်၊ ၀ိပဿနာ ဟုထင်သော အရာကို စတင် မိတ်ဆက်သော အချိန်ကာလပင် ဖြစ်လေသည် ထိုအချိန်သည် ၂၀၀၇ နှစ်စပိုင်း အချိန်။


Type the rest of your post here.

1 comment:

မဟာဆန် said...

ဆက်ရေးဦးလေ....ဖတ်ရတာ ဆန့်တငင်ငင်နဲ့